ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၌ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းပါ လုပ်ငန်းထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၃)ရက်နေ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ ကျေးရွာ(၁၈)ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ပြောသည်။
အဆိုပါ အကောင်အထည်ဖော်နိုင်မှုအနေဖြင့် သင်တန်းသား(၂၁၆)ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းထူထောင်နိုင်သူ(၇၅)ဦးရှိခဲ့ကြောင်း သိရသည်။
စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ ခွင့်ပြုရန်ပုံငွေမှ ကျေးရွာတစ်ရွာအတွက် ကျပ် (၁၂) သန်းအနက် ကျပ်(၅)သန်းကို စီမံကိန်းဒေသမှာတောင်းဆိုသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးပြီး ကျန်ရှိတဲ့ကျပ်(၇) သန်းအား လုပ်ငန်းထူထောင်မည့် သင်တန်းသား/သူ (၅) ဦးကို တစ်ဦးလျှင်ကျပ် (၁၄) သန်းနှင့်ညီမျှတဲ့ လုပ်ငန်းသုံးပစ္စည်းများပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ဦးခွန်ရဲထွေးက ပြောသည်။
လက်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စီမံကိန်းလုပ်ငန်း (၆) ခုမှ လုပ်ငန်းထူထောင်လုပ်ကိုင်မည့် ထူးချွန်သင်တန်းသား (၃၀) ဦးအတွက် လုပ်ငန်းသုံးပစ္စည်း အမယ်(၈)မျိုး၊ အရေအတွက်အားဖြင့် (၁၂၀)ခုအား ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ယခုလိုလုပ်ငန်းစတင်ထူထောင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများသုံးစွဲခွင့်ပေးအပ်ခြင်းဟာ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းငယ်များ စတင်ထူထောင်ရာမှာ အဓိကအတားအဆီးဖြစ်တဲ့ ရင်းနှီးမတည်ငွေ အခက်အခဲကို ကျော်လွှားစေချင်လို့၍ဖြစ်ကြောင်း သိရသည်။
