ဒီနှစ်မှာ အေးမြတ်သူကို ပရိသတ်တွေက ဇာတ်ဆောင်ဆု အတွက်ရော၊ ဇာတ်ပို့ဆုအတွက်ပါ အကယ်ဒမီ တစ်ကြို ပေးထားပေ မယ့်လည်း အကယ်ဒမီဆု နဲ့ လွဲချော်ခဲ့ပါတယ်။ ပရိသတ်ဆန္ဒ တွေနဲ့ ထပ်တူမကျခဲ့ဘဲ လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေ ရဲ့ မေတ္တာ တရားတွေ ကို ရရှိခဲ့တဲ့ အတွက် အကယ်ဒမီ ဆုရလိုက်သလိုပါပဲလို့ အေးမြတ်သူက ပြောပါတယ်။
“ဘာမှထွေထွေ ထူးထူး မခံစားရပါဘူး။ အကယ်ဒမီပေးပွဲကို ရွှေတိဂုံ ဘုရားရှေ့မှာ ခမ်းခမ်းနားနား လုပ်တဲ့ပွဲကို တက်ခွင့်ရတယ်။ ပြီးတော့ ကိုယ့်ရဲ့ဇာတ်ကားကို အမျိုးသမီး ဇာတ်ဆောင်ဆုရဲ့ ဆန်ခါတင်စာရင်း မှာ ပရော်ဂျက်တာကြီး အကြီးကြီးနဲ့ တစ်နိုင်ငံလုံး ကြည့်နေတဲ့ အစီအစဉ်ကြီးမှာ ပြန်ပြီး မြင်ခွင့်ရတယ်။ ငယ်ငယ်တုန်းက အဲဒီလိုဖြစ်လာမယ် လို့ တစ်ခါမှ မထင်ထားဘူး။ ငယ်ငယ် တုန်း ကလည်း အကယ်ဒမီမှာ ဆန်ခါတင် ဇာတ်ကားတွေကို ကြည့်ခဲ့ရတယ်။ ဒီပွဲခင်းထဲမှာ ကိုယ်ကိုယ်တိုင် ကြည့် နေရတာ တအား ကြည်နူးပြီး တအား ပျော်တယ်။ ပရိသတ်ကတော့ ချစ်တဲ့စိတ် နဲ့ ကြို ခန့်မှန်းပေးနေတာပါ။ အဲဒါနဲ့ တင် ကျေ နပ်နေ ပါပြီ။ အေးမြတ် သူ ပျော်တယ်။ ပရိသတ်တွေဆီက မေတ္တာတရားတွေကို ပိုရတယ်။ ငါ့ကို ပရိသတ်က တအားချစ်ပါလားလို့ သိလိုက်ရတယ်။ သူတို့ ဆီကရတဲ့ မေတ္တာတရား တွေက ဘာနဲ့မှမလဲနိုင်ဘူး။ အကယ်ဒမီ ရတာ၊ မရတာထက် ပရိသတ် ဆီက မေတ္တာတရား ရလိုက်တာ အကယ်ဒမီဆုကြီး ရလိုက်သလိုပါပဲ။ မေတ္တာတရားက ပေးဝယ်လို့မရဘူး။ ဟန်ဆောင်ပြီး လည်း ပေး လို့မရဘူး။ တကယ် စစ်မှန်မှ ရတဲ့မေတ္တာတရားကြီးလေ။ သူတို့ကိုယ့်ကို ချစ်ဖို့ ဆိုတာက တော်ရုံ တန်ရုံဆို မဖြစ်နိုင်ဘူးလေ။ အဲဒီလို အချစ်ကြီးရနေတာက ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး” လို့ သူ့ရဲ့ခံစားချက်ကို အေးမြတ်သူ ပြော ပါတယ်။
ဒီနှစ်အကယ်ဒမီ ဆုပေးပွဲမှာ အမျိုးသမီး ဇာတ်ပို့ဆု မပေးတဲ့အပေါ် သူ့ရဲ့အမြင်ကို မေးတော့ အေးမြတ်သူက
“အဲဒါက မတော်လို့၊ မကောင်းလို့၊ မပေးသင့်လို့၊ မပေးတာမဟုတ် ပါဘူး။ ဒီနှစ်ဇာတ်ပို့ ဘယ်သူမှ မတော်ဘူး ဆိုပြီး အဲဒီလိုစိတ် နဲ့မပေး တာမဟုတ်ဘူးလို့ အေးမြတ်သူ ယူဆတယ်။ ဒါပေမဲ့ သူတို့မှာ ပေးရမယ့် စံချိန်စံညွှန်း ရှိတယ်။ စည်းမျဉ်းစည်းကမ်း ရှိတယ်။ အဖွဲ့ အစည်းတိုင်းရဲ့ လုပ်ရပ်တိုင်းမှာ ဆုံးဖြတ်ချက်တိုင်းမှာ အဖွဲ့စည်း မျဉ်း စည်းကမ်းဆိုတာ ရှိရတယ်။ အဲဒီစံချိန် စံညွှန်းထဲမှာ မဝင်လို့၊ မမီလို့သာ မပေးတာလို့ အေးမြတ်သူ ထင်တယ်။ မတော်လို့၊ မကောင်းလို့ မကြိုးစားလို့ မပေးဘူးဟာလို့ လုပ်တာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ ကိုယ်ရှိတဲ့နေရာ တစ်ခုမှာ အကောင်းဆုံး ကြိုးစားခဲ့တဲ့ အပေါ် ပရိသတ် တွေရဲ့ အသိအမှတ်ပြု မှုတွေရရှိတဲ့ အတွက် ကျေနပ် ပါတယ်ဆိုတဲ့ အေးမြတ်သူက “အေးမြတ်သူ ကတော့ ကိုယ်ရတဲ့ နေရာတစ်ခုမှာ နည်းနည်းများများ အပြည့် အဝ လုပ်ခွင့် ရတဲ့ အတိုင်းအတာ တစ်ခုနဲ့ အကောင်း ဆုံးလုပ်ပြခဲ့တယ်။ အဲဒါကို ပရိသတ်က အသိ အမှတ်ပြုပေးတယ်။ အဲဒါကြောင့် အေးမြတ်သူ ကို ပိုချစ်လာတယ်။ အေးမြတ်သူ လိုချင် တာလည်း အဲဒါပဲ။ အဲဒါလေး ရလိုက်တာ ကို ကျေနပ်နေ ပါပြီ။ အေးမြတ်သူကို ပရိသတ်တွေ ထပ်ပြီး ကြိုးစားခွင့် ပေးပါ။ ပရိသတ် ချစ်နေသရွေ့ ကြိုးစားနေပါဦးမယ်” လို့ပြောပါ တယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း