မလေးရှားနိုင်ငံပိုင် ပက်ထရိုနာ့စ်ကုမ္ပဏီသည် ဂျပန် ကုမ္ပဏီ JERA သို့ နှစ် ၂၀ သဘောတူညီချက်ဖြင့် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ရည်(အယ်လ်အင်န်ဂျီ) တန် ၂ သန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အီရန်စစ်ပွဲနှင့် ဆက်စပ်နေသော ကမ္ဘာတစ်ဝန်း အယ်လ်အင်န်ဂျီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဂျပန်သည် ၎င်း၏ စွမ်းအင်သိုလှောင်မှုကို မြှင့်တင်ရန်ကြိုးပမ်းနေချိန်တွင် ၂၀၂၈ ခုနှစ်တွင် စတင်မည့် ယခုသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကမ္ဘာ့ စွမ်းအင်အခြေအနေများ မရေရာမှုတိုးပွားလာနေချိန်တွင် ဂျပန်သို့ အယ်လ်အင်န်ဂျီ တည်ငြိမ်စွာ ထောက်ပံ့ပေးနေသော မလေးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအရေးကြီးလာပါသည်ဟု ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီက မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အန်ဝါသည် တိုကျိုသို့ သုံးရက်ကြာ အလုပ်သဘောခရီးစဉ်အတွင်း အစိုးရနှင့် စက်မှုလုပ်ငန်းအရာရှိများနှင့် တွေ့ဆုံခဲ့သည်။
ဂျပန်သည် အရှေ့အလယ်ပိုင်းပဋိပက္ခများကြားတွင် ထောက်ပံ့ဖြည့်တင်းမှုများကို နေရာမျိုးစုံမှ ရရှိရန်ကြိုးပမ်းနေပြီး အယ်လ်အင်န်ဂျီ တင်ပို့မှုအပါအဝင် စွမ်းအင်ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ဗုဒ္ဓဟူးနေ့တွင် ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြသည်။
ဒေသတွင်း တရုတ်၏ လွှမ်းမိုးမှုကြီးထွားလာချိန်တွင် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ၏ အမြင်ကို မြှင့်တင်ရင်း ဒေသတွင်း ရေကြောင်းလုံခြုံရေး ပိုမိုသေချာစေရန် ကြိုးပမ်းရာတွင် ၎င်းတို့၏ ကမ်းရိုးတန်းစောင့်တပ်များအကြား ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းတစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ထိပ်သီးဆွေးနွေးပွဲအပြီးတွင် တာကာအိချီက ပြောကြားခဲ့သည်။
ဂျပန်နှင့် မလေးရှားတို့သည် ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေခဲ့သည်။
မလေးရှားသည် အရင်းအမြစ်နည်းပါးသော ဂျပန်နိုင်ငံအတွက် အဓိကစွမ်းအင်တင်ပို့သူဖြစ်ပြီး ၎င်း၏ အယ်လ်အင်န်ဂျီ တင်ပို့မှုစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းရှိသည်။
တဖန် ဂျပန်သည် မလေးရှားသို့ လျှပ်စစ်ပစ္စည်းကိရိယာများနှင့် မော်တော်ကားအစိတ်အပိုင်းများကို အဓိက တင်ပို့သူဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
