နှလုံးခွဲစိတ်ကုသမှု ခံယူထားသည့် ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီးသည် လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ယမန်နေ့ ဇန်နဝါရီ (၁) ရက် က လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြောင်း သိရသ ည်။
“မနေ့က ဖားအောက် ဆရာတော် ဘုရားကြီး လမ်းလျှောက် လေ့ကျင့်ခန်း လုပ်စဉ် ဘယ်ဘက်ကပဲ တွဲပေးရပါတယ်။ ညာဘက်လက်နဲ့ တောင်ဝှေးကို အားပြုပြီး လမ်းလျှောက်နိုင်နေပြီ” ဟု ဖားအောက်တောရ ကွန်မြူနတီမှ သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက စင်ကာပူနိုင်ငံတွင် နှလုံးခွဲစိတ်ကုသမှုခံယူရန် ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ဆရာတော်ဘုရားကြီးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၅)ရက် မွန်းလွဲပိုင်းက AV Node Ablation ကုထုံးဖြင့် ခွဲစိတ်ကုသခဲ့မှု ခံယူခဲ့ပြီး ခွဲစိတ်မှုအောင်မြင်ခဲ့ကြောင်း ဆရာတော်ကြီး၏ တပည့်သာဝကများမှ အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
ဖားအောက်တောရ ကွန်မြူနတီမှ ယမန်နေ့ ဇန်နဝါရီ (၁) ရက်က ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်တွင် ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီးသည် ပြုံးရွှင်စွာဖြင့် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ဆောင်နေသည်ကို တွေ့မြင်ရသည်။
ဖားအောက်တောရ ဆရာတော် ဘုရားကြီးသည် လက်ရှိတွင် စင်ကာပူ နိုင်ငံ၌ပင် ဆက်လက်သီတင်းသုံးလျက် ရှိပြီး ၂၀ ၂၃ ခုနှစ် ဒီဇင်ဘာ (၂၉) ရက်နှင့်(၃၀) ရက်တို့ကလည်း Kent Ridge Park နှင့် Changi Beach Park တို့တွင် လေကောင်း လေသန့်ရှူရင်းလမ်းလျှောက်လေ့ကျင့်ခန်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီး၏ တပည့်သာဝကများနှင့် ဝေနေယျများ ကြည်ညိုသဒ္ဒါပွားများနိုင်စေရန်ရည်သန်၍ ဆရာတော်ဘုရားကြီး၏ ဓာတ်ပုံများကို ပြန်လည်ကူးယူ ဖော်ပြပေးအပ်ပါသည်။
ဓာတ်ပုံ – ဖားအောက်တောရ ကွန်မြူနတီ







