ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၏ ရာပြည့်အခမ်းအနားကျင်းပသွားမည်ဟုသိရသည်။
အဆိုပါ ရာပြည့်အခမ်းအနားအတွက် ဧည့်ရိပ်သာအား ရှေးမူမပျက်ပြင်ဆင်လျက်ရှိကာ Club House နှင့် ပင်မအဆောက်အအုံကိုလည်း စွမ်းအင်ပြတိုက်အဖြစ် ပြုလုပ်သွားမည်ဖြစ်သည်။
” နှစ်(၁၀၀)ပြည့်မြောက်တဲ့အချိန်ကို လူတိုင်းကြုံ တွေ့ရနိုင်တဲ့ အခွင့်အလမ်းမရှိပါဘူး။ မိမိတို့တာဝန်ထမ်းဆောင်ချိန်မှာ ရာပြည့်အခမ်းအနားနဲ့တိုက်ဆိုင်စွာကြုံတွေ့ရတဲ့အတွက် အကောင်းမွန်ဆုံးနဲ့အောင် မြင်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရပါမယ် “ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က အခမ်းအနားအတွက်ပြင် ဆင်နေမှုများကို သြဂုတ် ၃၀ ရက်ကကြည့်ရှုစစ်ဆေးစဉ်မှာကြားခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံတော်၏ စက်သုံးဆီလို အပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)တွင် ပထမအဆင့်အနေဖြင့် တစ်နှစ်လျှင်ရေနံစိမ်းတန်ချိန်(၅)သိန်းချက်လုပ်နိုင်သော Modular Type စက်ရုံအား ယခုနှစ်အကုန်တွင် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ စက်ပစ္စည်းများထုတ်လုပ်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။
ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူးပေးမည့် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှာ(၁၀)ရာခိုင်နှုန်း၊ စက်ရုံအတွက်လိုအပ်မည့် သဘာဝဓာတ်ငွေ့များပို့လွှတ်ပေးနိုင်ရန် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှာ(၉၀)ရာခိုင်နှုန်း၊ မြေပြင်စက်ရုံတည်ဆောက်နေမှုလုပ်ငန်းမှာ(၂၅)ရာခိုင်နှုန်းတည်ဆောက်ပြီးစီးနေ၍ သတ်မှတ်ထားသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် လည်ပတ်ထုတ်လုပ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒုတိယအဆင့်အနေဖြင့် တစ်နှစ်လျှင် ရေနံ စိမ်းတန်ချိန်(၃)သန်းချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအသစ်ကို ၂၀၂၈ ခုနှစ်အတွင်းတည်ဆောက်ပြီးစီးရန်လျာထားဆောင်ရွက်လျက်ရှိကာ စီမံကိန်းများပြီးစီးပါက နိုင်ငံတော်အတွက်လိုအပ်သည့် အ ဆင့်မြင့်စက်သုံးဆီများကို ပြည်တွင်းတွင်ချက်လုပ်သုံးစွဲနိုင်မည်ဖြစ်သည်။
