တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စနေနေ့က တရုတ်နိုင်ငံ၊ တီယန်ကျင်း ဆိပ်ကမ်းမြို့တွင် တွေ့ဆုံခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဝှာသတင်းဌာက ရေးသားဖော်ပြထားသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရှိ အဓိကစီမံကိန်းများကို ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှု သေချာစေရေးကို ဆောင်ရွက်ရန်ကိစ္စရပ်များကို ရှီက ပြောကြားခဲ့သည်ဟု ဆင်ဝှာသတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ဖက်ဆစ်တို့ကို တိုက်ဖျက်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲ၏ အရှေ့ပိုင်းစစ်မြေပြင်တွင် ပါဝင်ခဲ့ပြီး SCO ၏ အရေးကြီးသော ဆွေးနွေးဖက်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေကြောင်းကိုလည်း ရှီက ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်၊ ဘုံအနာဂတ်ရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ပိုမိုမြန်ဆန်စွာ ထူထောင်ရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုအကျိုးကျေးဇူးများ ရရှိစေရန်အတွက် နှစ်နိုင်ငံစလုံးအား ရှီက တိုက်တွန်းခဲ့သည်။
ပြည်တွင်းတည်ငြိမ်မှု ပြန်လည်ရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ကျယ်ပြန့်သော ပြည်တွင်းနိုင်ငံရေးစည်းလုံးညီညွတ်မှုကို မြန်မာနိုင်ငံက ပျိုးထောင်ပေးခြင်းများအား တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို အချိန်ကြာမြင့်စွာကတည်းကပင် ထောက်ခံအားပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးတွင်လည်း ကူညီခဲ့ကာ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပြီး တရုတ်တစ်ပြည်တည်းမူဝါဒကို ခိုင်ခိုင်မာမာ လိုက်နာမည်ဟု ကတိပြုခဲ့သည်။
မြန်မာသည် SCO ၏ ဆွေးနွေးဖက်နိုင်ငံတစ်ခုအနေဖြင့် အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီရန် ဆန္ဒရှိကြောင်းကိုလည်း သူက ထပ်လောင်းပြောကြားခဲ့သည်။
နှစ်ဖက်စလုံးသည် အကောက်ခွန်နှင့် မီဒီယာအပါအဝင် နယ်ပယ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြသည်။
တရုတ်အစိုးရ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်သောတရုတ်ကွန်မြူနစ်ပါတီ ဗဟို အတွင်းရေးမှူးချုပ်
ကိုင်ချီ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် တီယမ်ကျင်းမြူနီစပယိ၏CPC အတွင်းရေးမှူး ချန်မင်အာတို့လည်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့် တရုတ်ပြည်သူ့တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲတို့တွင် အောင်ပွဲခံခဲ့သည့် ၈၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။
