မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များ လျှော့ချရေးဆွေးနွေးပွဲများကို ရုရှားနှင့် အမေရိကတို့အကြားတွင် ပထမဆုံးပြုလုပ်ရမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ဗြိတိန်နှင့် ပြင်သစ်တို့ရှိ လက်နက်များနှင့်ပတ်သက်၍လည်း စေ့စပ်ညှိနှိုင်းမှုတွင် ထည့်သွင်းရမည်ဟု ခရမ္မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်ရှ်ကော့ဗ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
လာမည့်နှစ်တွင် သက်တမ်းကုန်ဆုံးမည့် မဟာဗျူဟာ နျူကလီးယားလက်နက်များ ဖြန့်ကျက်မှုကို ကန့်သတ်သည့် လက်နက်ထိန်းချုပ်ရေးစာချုပ် New START ကို အမေရိကဘက်ကလည်း အလားတူဆန္ဒရှိပါက တစ်နှစ်သက်တမ်းတိုးသွားရန် ခရမ္မလင်က အမေရိကကို အဆိုပြုခဲ့ပြီးနောက် ပက်ရှ်ကော့ဗ်၏ မှတ်ချက်ထွက်လာခြင်းဖြစ်သည်။
အိမ်ဖြူတော် သတင်းပြန်ကြားရေး အတွင်းဝန် ကာရိုလင်း လီဗစ်က ပူတင်၏ အဆိုပြုချက်သည် အတော်အဆင်ပြေသည်ဟု ပြောဆိုသော်လည်း ယင်းကိစ္စသည် သမ္မတဒေါ်နယ်ထရမ့်ပ်အပေါ်တွင်သာ မူတည်သည်ဟု ဆိုခဲ့သည်။ ရုရှား၊ တရုတ်နိုင်ငံတို့နှင့် နျူကလီးယားလက်နက်လျှော့ချရေး ဆွေးနွေးပွဲများကို စတင်သွားလိုသည်ဟု အမေရိကန်သမ္မတက ပြောကြားထားသည်။
New START ကို သမ္မတဟောင်းများဖြစ်သည့် ဘရက်ကိုဘားမားနှင့် ဒီမစ်ထရီ မက်ဗီဒက်ဗ်တို့လက်ထက် ၂၀၁၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး တစ်နှစ်အကြာတွင်စတင် အကျိုးသက်ရောက်ခဲ့သည်။ ယင်းစာချုပ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၁ ခုနှစ်တွင် နောက်ထပ် ငါးနှစ်သက်တမ်းတိုးထားခဲ့သည်။
Ref: ယဟျူးနူးစ်
