မန္တလေးမှ ရှမ်းမြောက်သို့သွားသည့်နောင်ချို-ရပ်စောက်လမ်းပိုင်းတရားဝင်သွားလာခွင့်ပြုထားသဖြင့် ယာဉ်ကြီးယာဉ်ငယ်များအားလုံး ပုံမှန်သွားလာလျက်ရှိကြောင်း ဒေသခံယာဉ်မောင်းတစ်ဦးကပြောသည်။
အဆိုပါ လမ်းပိုင်းကို ယခုဩဂုတ်လမှစတင်ကာ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ယင်းလမ်းပိုင်းသည် ပြင်ဦးလွင်မှတဆင့် နောင်ချို–ရပ်စောက်လမ်းကြောင်းအတိုင်း ရှမ်းပြည်မြောက်ပိုင်းအတွင်းသို့ သွားလာရသည့် လမ်းပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။
ယခင်က အဆိုပါလမ်းပိုင်း၌ တို-က်ပွဲများဖြစ်ပွားနေခြင်းကြောင့် ယာယီပိတ်ထားရာမှ ပြန်လည်သွားလာခွင့်ပြုလိုက်ဖြစ်သည်ဟုဆိုသည်။
ထို့အပြင် မန္တလေးမှရှမ်းမြောက်သို့သွားလာသည့် လမ်းပိုင်းတစ်ခုမှာ သာစည်-ရဲရွာလမ်းနှင့် ကျောက်ဂူ-နမ့်လန်လမ်းပိုင်းမှာ အနီးဆုံးလမ်းပိုင်းများဖြစ်သော်လည်း မိုးရွာသွန်းပါက ရွံနွံများရှိသဖြင့် သွားလာရခက်ခဲကြောင်း သိရသည်။
ထို့ကြောင့် ဒေသတွင်းယာဥ်မောင်းများအနေဖြင့် ကြိုက်နှစ်သက်ရာလမ်းပိုင်းများရွေးချယ်သွားလာနိုင်ကြပြီးဖြစ်သော်လည်းရာသီဥတုအခြေအနေကိုကြည့်၍ သွားလာကြရန် ယာဉ်မောင်းအချင်းချင်းကြား အသိပေးခြင်းများဖြင့် သွားလာနေကြရသည်ဟုဆိုသည်။
