နောင်ချိုမြို့အား တပ်မတော်မှပြန်လည်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများတွင် ယနေ့ ဇူလိုင် ၂၂ ရက်မှစတင်၍ ကျောင်းအပ်လက်ခံမှုများကို ပြန်လည်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း နောင်ချိုမြို့သို့ရောက်ရှိစဥ် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံများနှင့်တွေ့ဆုံချိန်၌လည်း ယနေ့ခေတ်သည် ပညာခေတ်ဖြစ်၍ အတန်းပညာတတ်မြောက်မှသာ အတတ်ပညာကိုသင်ယူတတ်မြောက်နိုင်မည်ဖြစ်ရာ ပညာတတ်များပေါများစေရန် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် နစက ဥက္ကဋ္ဌ၏ မှာကြားချက်နှင့်အညီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။
” ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းတွေအမြန်ဆုံးဖွင့်လှစ်နိုင်ဖို့အတွက် ဇူလိုင် ၂၂ ရက်ကစပြီး ကျောင်းအပ်နှံမှုကိုစတင်လက်ခံပေးနေပါပြီ။ ဒါ့ကြောင့် အနာဂတ်နိုင်ငံတော်ကိုဦးဆောင်မယ့် မျိုးဆက်သစ်ရင်သွေးငယ်တွေကို စာသင်ကျောင်းတွေဆီ မဖြစ်မနေစေလွှတ်ပေးဖို့လိုပါတယ်။ ပညာသင်ကြားပေးကြမယ့် ဆရာ၊ ဆရာမတွေကလည်း ကျောင်းဖွင့်ချိန်နောက်ကျခဲ့တဲ့အတွက် ကျောင်းသင်ခန်းစာတွေကို ကျောင်းပိတ်ရက်တစ်ချို့မှာ သင်ခန်းစာအကုန်ကို တတ်မြောက်အောင်သင်ကြားပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။
ထို့နောက် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နောင်ချိုမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ ဆရာမများ နေထိုင်စားသောက်မှုအဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
