ဂျပန်နိုင်ငံက ဝယ်ယူထားသည့် လေအေးပေးစက်ပါ ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ပြေးဆွဲရာတွင် နေ့စဉ် ခရီးသည် (၃၀၀) ကျော် လိုက်ပါစီးနင်းလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန် – နေပြည်တော် ခရီးစဉ်ကို အမှတ်(၇)အဆန်နှင့် အမှတ်(၈)အစုန် DEMU ရထားတွဲဆိုင်းသစ်များ၊ မန္တလေး – နေပြည်တော် ခရီးစဉ်ကို အမှတ်(၂၈)အစုန်နှင့် အမှတ် (၂၇) အဆန် လေအိတ်ရထားတွဲဆိုင်းများဖြင့် ချိတ်ဆက် ပြေးဆွဲပေးခြင်းဖြစ်သည်။
ယခုအခါ ရန်ကုန် – မန္တလေး ခရီးစဉ်အစအဆုံးအတွက် ကြာမြင့်ချိန်သည် (၁၁) နာရီသာရှိပြီး ရန်ကုန် – နေပြည် တော် DEMU ရထားမှာ ခရီးသည် (၃၁၂) ယောက် လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းအတွက် လက်မှတ်ခနှုန်းထားများအနေဖြင့် ရန်ကုန် – နေပြည်တော် DEMU ရထားခရီးစဉ်အတွက် ပထမတန်း (၁၉,၀၀၀) ကျပ်၊ အထက်တန်း (၂၈,၀၀၀) ကျပ်ဖြစ်ပြီး နေပြည်တော်-မန္တလေး လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်း (၇,၀၀၀) ကျပ်နှင့် အထက်တန်း (၁၁,၀၀၀) ကျပ် ဖြစ်သည်။
DEMU တွဲဆိုင်းသစ်ရထားများဖြင့် ရန်ကုန်-ပဲခူး ခရီးစဉ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂) ရက်က စတင်ပြေးဆွဲပေးခဲ့သလို ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက စတင်ပြေးဆွဲပေးနေကြောင်း သိရသည်။
