နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှလုံခြုံရေးဝန်ထမ်းများအား ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)၏စီစဉ်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သင်တန်းအား ရက်သတ္တပတ်(၄)ပတ်ကြာဖွင့်လှစ်သင် ကြားပေးခဲ့ပြီးနောက် အောက်တိုဘာ ၂၂ ရက်က သင်တန်းဆင်းပွဲကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်ခဲ့သည်။
ထိုသို့ တက်ရောက်ပြီးနောက် ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ ပိုမိုတိုးတက်ဝင်ရောက်လာစေရေးအတွက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအဆင့်အတန်း၊ ဧည့်ဝတ်ဖော်ရွေပျူငှာမှုများရှိရန်လိုအပ်သကဲ့သို့ လာရောက်တည်းခိုနေထိုင်မည့် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ၏ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စွမ်းဆောင်ရည်မြင့်မားသော လုံခြုံရေးအစီအမံများချမှတ်ဆောင်ရွက်ခြင်းသည် အရေးပါသည့်ကဏ္ဍတစ်ရပ်ပင်ဖြစ်သည်ဟု ပြောကြားသည်။
ဟိုတယ်များမှလုံခြုံရေးဝန်ထမ်းများအနေဖြင့် သင်ယူတတ်မြောက်ခဲ့သည့် ရိုးရာသိုင်းပညာရပ်ကိုအခြေခံပြီး လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုကောင်းများပေးခြင်းအ ပြင် လာရောက်တည်းခိုနေထိုင်မည့် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ၏ ယုံကြည်မှုရရှိရေးအတွက်ကိုပါဆက်လက်ကြိုးစားသွားရမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းလုံခြုံရေးဝန်ထမ်းများ၏ သိုင်းသရုပ်ပြမှုကို ကြည့်ရှု့အားပေးခဲ့ပြီး ယင်းသင်တန်းများအား ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်နှင့် အင်းလေးဒေသများတွင် ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။
