ငလျင်ဒဏ်သင့်ဒေသများဖြစ်သည့် နေပြည်တော်နှင့် မန္တလေးမြို့များ၌ လာမည့်ဩဂုတ်လဆန်းပိုင်းတွင်သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းထံမှ သိရသည်။
လက်ရှိတွင် ရန်ကုန်၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းတို့မှပူးပေါင်း၍ ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လာမည့် ဩဂုတ်လဆန်းပိုင်းတွင် နေပြည်တော်နှင့် မန္တလေးမြို့၌ ပြည်တွင်းစားဆန်ဖြစ်သည့် ရွှေဘို ပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ဧည့်မထဆန်များကို သင့်တင့်မျှတသောဈေး နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ယင်းအစီအစဉ်ဖြင့် ရန်ကုန်တွင် ရောင်းချပေးရာတွင် ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် ရောင်းချပေးနေရာမှ မြို့နယ်တိုင်းရှိ အသင်းဝင်ဆန်ဆိုင်များတွင်ပါ ဝယ်ယူရရှိနိုင်ရေးကိုပါ စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တို့တွင် ရွှေဘိုပေါ်ဆန်း 10 kg တစ်အိတ်လျှင် (၃၁,၀၀၀) ကျပ်၊ ဧရာဝတီ ပေါ်ဆန်း 10 kg တစ်အိတ်လျှင် (၂၄,၀၀၀) ကျပ်၊ ဧည့် မထဆန် 10 kg တစ်အိတ်လျှင် (၁၄,၀၀၀) ကျပ်ဖြစ်ပြီး စည်ပင်သာယာဈေးများတွင် ရွှေဘိုပေါ်ဆန်း 10 kg တစ်အိတ်လျှင် (၃၂,၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း 10 kg တစ်အိတ်လျှင် (၂၅,၀၀၀) ကျပ်၊ ဧည့်မထဆန် 10 kg တစ်အိတ်လျှင် (၁၅,၀၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
