အမေရိကန်နိုင်ငံ နူးယော့ခ်မြို့ရှိ မန်ဟက်တန် စီရင်စု၏ အောက်ဘက်ပိုင်းတွင် ဧပြီလ ၁၈ ရက် အင်္ဂါနေ့က ယာဉ်ရပ်နားရာ အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာ အလုပ်သမား တစ်ဦး သေဆုံးပြီး လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း နူးယော့ခ် မီးသတ်ဌာန၏ ကယ်ဆယ်ရေး အကြီးအကဲက ပြောကြားခဲ့သည်။
အထပ် ၄ ထပ်ရှိသော အဆိုပါ အဆောက်အအုံသည် မြေအောက်ခန်းအထိ ချိုင့်ဝင်၍ ပြိုကျသွားခဲ့သည်။ တာဝန်ရှိသူများက အဆောက်အအုံမှာ အတွင်းပိုင်း တည်ဆောက်ပုံ ချို့ယွင်းကာ သူ့ဘာသာသူ ပြိုကျသွားသည်ဟု ယူဆထားသည်။
ထိုအဆောက်အအုံသည် နေ့လည် ၄ နာရီ လောက်တွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်သလို ခံစားရသည်အထိ ပြင်းထန်ခဲ့ကြောင်း သိရသည်။
အဆောက်အအုံသည် ပြိုကျခဲ့ပြီးနောက် လုံးဝကို မတည်မငြိမ် ဖြစ်နေသည့်အတွက် ကျန်ရစ်သူများအား ရှာဖွေရာတွင်လည်း မီးသတ်သမားများ ကိုယ်စား စက်ရုပ်ခွေးနှင့် ဒရုန်းများကို အသုံးပြုခဲ့ရကြောင်း နူးယော့ခ်မြို့တော်ဝန် အဲရစ် အဒမ်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောလာသည်။
ပြိုကျရသည့် အကြောင်းအရင်းများကိုမူ ဆောက်လုပ်ရေးဌာနနှင့်အတူ အင်ဂျင်နီယာများက စုံစမ်းရှာဖွေနေဆဲဖြစ်သည်။
Reference:CNN




