ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း သိရသည်။ ဗုဒ္ဓဟူးနေ့က ဘေးအန္တရာယ်အပြင်းအထန် ကြုံတွေ့ခဲ့ရသည့် ရာဆူဝါချိုင့်ဝှမ်းဒေသမှ ကီလိုမီတာ ၂၀၀ နီးပါးအကွာ ချစ်ဝမ်ခရိုင်၊ ဒက်ဗ်ဂတ်သစ်တောအတွင်း သေဆုံးသူများကို မြှုပ်နှံနိုင်ရန် မြေကျင်းရာပေါင်းများစွာ တူးဖော်ပြင်ဆင်ထားသည်။ အဆိုပါ သစ်တောလမ်းကြောင်းများသည် ယခင်က နံနက်ခင်းလမ်းလျှောက်သူများအကြား ရေပန်းစားသည့် နေရာတစ်ခုဖြစ်သော်လည်း လက်ရှိတွင် ရေစီးနှင့်အတူ မျောပါလာပြီး မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားအတည်ပြုရန် ခက်ခဲနေသည့် သေဆုံးသူများအတွက် ယာယီမြှုပ်နှံရာနေရာအဖြစ် အသုံးပြုနေရခြင်းဖြစ်သည်။ သေဆုံးသူများ၏ ရုပ်ခန္ဓာများ လျင်မြန်စွာ ပုပ်သိုးလာခြင်းကြောင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အန္တရာယ်ဖြစ်ပေါ်လာနိုင်သဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ချစ်ဝမ်၊ ဘာရတ်ပူရ် ခရိုင်အုပ်ချုပ်ရေးအရာရှိချုပ် ဂနက်ရှ် အာရယ်လ်က ပြောကြားသည်။ အာဏာပိုင်များသည် စနေနေ့တွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူ ၉၆ ဦးကို မြှုပ်နှံခဲ့ပြီး တနင်္ဂနွေနေ့တွင် နောက်ထပ် ၁၀၀ ကျော်ကို ဆက်လက်မြှုပ်နှံရန် စီစဉ်ထားသည်။ တစ်ချိန်တည်းတွင် ကယ်ဆယ်ရေးအဖွဲ့များက မြစ်ကြောင်းများနှင့် အပျက်အစီးပုံများအတွင်း ပျောက်ဆုံးနေသူများနှင့် သေဆုံးသူများကို ဆက်လက်ရှာဖွေလျက်ရှိသည်။ ရေခဲမြစ်ပြိုကျမှုကြောင့် နီပေါ-တရုတ်နယ်စပ်တစ်လျှောက်ရှိ ချိုင့်ဝှမ်းဒေသများတွင် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် လူ ၇၅၀ ခန့် သေဆုံးကာ ၃,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒေသအများအပြားတွင်လည်း ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ Ref: Reuters
