နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ) ကို ပြင်ဆင်သည့် ဥပဒေကို ပြဌာန်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ယနေ့ ဖေဖေါ်ဝါရီ(၃) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဖြင့် ပုဒ်မ(၅)၊ပုဒ်မခွဲ(ခ) ကို အစားထိုးခြင်း နှင့် ပုဒ်မ(၈) ခြေဆင်းကို အစားထိုးပြင် ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၅ ပုဒ်မခွဲ(ခ) ကို ပုဂ္ဂိုလ်တစ်ဦး၏ နေအိမ်နှင့် နေအိမ်အဖြစ်အသုံးပြုသည့် အဆောက်အုံ များ အတွင်း သို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေပြုခြင်း၊သိမ်းဆည်းခြင်း၊ဖမ်းဆီးခြင်းများပြုလုပ်လိုလျင် နိုင်ငံတော်ကာကွယ်ရေး၊လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေးအတွက် အရေးကြီးလိုအပ်ချက်မှ တစ်ပါး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှုးဖြစ်စေ ကျေးရွာတာန်ခံ သို့မဟုတ် ရာအိမ်မှုး၊ဆယ်အိမ်မှုးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေ နှစ်ဦး နှင့် အတူ ဆောင်ရွက်ရမည် ဟု အစားထိုးပြင်ဆင်ခြင်းဖြစ်ကြောင်း ဥပဒေပြဌာန်းချက်တွင် ဖော်ပြထားသည်။
ထိုအတူ ပုဒ်မ(၈) ခြေဆင်းကိုလည်း “မည်သူမျှတည်ဆဲဥပဒေ နှင့်အညီ ခွင့်ပြုမိန့်၊ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ “ နေရာ ၌ “နိုင်ငံတော်ကာကွယ်ရေး လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေး အလိုဌာ ဥပဒေ နှင့် အညီ တာဝန်အရ ဆောင်ရွက်ရသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူမှ အပ မည်သူမျှ တည်ဆဲဥပဒေ နှင့် အညီ ခွင့်ပြုမိန့်ခွင့်ပြုချက် သို့မဟုတ် ဝရမ်း၊တစ်စုံတစ်ရာမရှိဘဲဖြစ်စေ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ” ဟု အစားထိုးပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
