နိုင်ငံတော်၏ စီးပွားရေးလျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားရေး၏ အဓိကအသက် သွေးကြောမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်ခြင်းကို စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော် မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပြောကြားခဲ့သည်။
ယနေ့ သြဂုတ် ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ (၄/၂၀၂၅)အစည်းအဝေးတွင် ၎င်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအများစု၏ အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်ပြီး နိုင်ငံ့စီးပွားရေး၏ အသက် သွေးကြောလည်းဖြစ်သည်။
ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် အဓိကကျ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်သူတစ်ရပ်လုံး စားရေရိက္ခာဖူလုံရေး၊ ဆန်စပါးနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေး၊ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေး၊ အသား၊ ငါး၊ ရေထွက်ကုန်တိုးတက်ထုတ်လုပ်ကာ ပြည်ပဈေးကွက်ကောင်းရရှိပြီးပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို ဝန်ကြီးဌာနများ အပါအဝင်၊ UMFCCI အသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားကြီးများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
စိုက်ပျိုးရေးကဏ္ဍတွင်လည်း စိုက်ပျိုးရေးပညာရပ်ကိုမြှင့်တင်ဆောင်ရွက်ရန် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်များအပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(၈၉)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၅၀၉၁)ဦးတက်ရောက်လျက်ရှိသည်ဟု ပြောသည်။
ထို့အတူ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများတွင် လူသားအရင်းအမြစ်ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးပြန်လည် ရရှိမှုနှုန်းအလွန်မြင့်မားပြီး ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးတွင် အဓိကအခန်း ကဏ္ဍမှပါဝင်နေသည်ဟုလည်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပြောကြားခဲ့သည်။
