နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID နံပါတ်တို့ကို လက်ဝယ်ကိုင်ဆောင် အသုံးပြုသူများအား နည်းမျိုးစုံဖြင့် စစ်ဆေးဖော်ထုတ်ကာ တရားစွဲဆိုအမှုဖွင့်၍ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID နံပါတ်တို့ကို အတုအပပြုလုပ်၍ မသိနားမလည်သည့်ပြည်သူများ အပေါ်အခွင့်ကောင်းယူကာ အခကြေးငွေရ ယူဆောင်ရွက်ပေးနေသူ များလည်းရှိနေကြောင်းနှင့် Account အမျိုးမျိုး၊ ဆက်သွယ်ရေး တယ်လီဖုန်းနံပါတ်အမျိုးမျိုးဖြင့် တရားမဝင်ကြော်ငြာများကို Online မှ မဟုတ်မမှန်ဖော်ပြဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရသည်ဟုဆိုသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID တို့ကို အတုအပပြုလုပ်ခြင်း၊ လက်ဝယ်ကိုင်ဆောင်အသုံးပြုခြင်းတို့သည် ပြစ်မှုမြောက်သည့်အတွက် ထိရောက်သော ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် လူမှုကွန်ရက်များတွင် တရားမဝင် ကြော်ငြာဖြန့်ဝေလှုံ့ဆော်ဝါဒဖြန့်ဆောင်ရွက်နေမှုများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လိုပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများသို့ ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် ပွဲစားများဖြင့် ဆောင်ရွက်ခြင်း၊ အတုအပကိုင်ဆောင်အသုံး ပြုခြင်းမပြုကြရန် အသိပေးထားသည်။
