မြန်မာနိုင်ငံအနေဖြင့် အခက်အခဲများကြားမှရွေး ကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့မှုအား ရုရှားနိုင်ငံကအသိအမှတ်ပြုဟု ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးပြော
နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU အား အမျိုးသားကာကွယ်ရေးနှင့် လုံ ခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် နိုင်ငံတော်ယာယီသမ္မတမှ မိမိတို့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစ၍ ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ယနေ့တွင် ရွေးကောက်ခံရသူကိုယ်စားလှယ်များ၏အမည်စာရင်းအားနောက်ဆုံးထုတ်ပြန်သွားမည်ဖြစ်ကာ မတ် လတတိယပတ်အတွင်း လွှတ်တော်အစည်းအဝေးခေါ်ယူသွားမည်ဟု ဆွေးနွေးပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်း ပပြီးချိန်၌ အဆွေတော်၏ ခရီးစဉ်ရောက်ရှိလာမှုမှာ ထူးခြားလေးနက်မှုရှိပြီး အဆွေတော်၏ ခရီးစဉ်အ တွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများကို ပိုမိုမြှင့်တင်သွားနိုင်မည်ဟုလည်း ဆွေး နွေးပြောကြားသည်။
ထို့အတူ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးမှလည်း ရုရှားနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က အဆွေတော်တို့နိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုအတွက်ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာအားလက်ရောက်ပေးအပ်လိုပြီး မြန်မာ နိုင်ငံအနေ ဖြင့် အခက်အခဲများကြားမှရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် ရုရှားနိုင်ငံအနေဖြင့် အသိအမှတ်ပြုကာ နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့်သွားမည်ဟု ဆွေးနွေးပြောကြားသည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံတွင် ရွေး ကောက်ပွဲကျင်းပချိန်၌ ရုရှားနိုင်ငံအပါအဝင် နိုင်ငံတ ကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်၍ ပြည်သူများတက်ကြွစွာဆန္ဒမဲပေးခဲ့ကြသည်ကိုမြင်တွေ့ခဲ့ရမှု၊ လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ်ကျင်းပနိုင်ခဲ့မှု၊ မြန် မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်(၈၀)ပြည့် အထိမ်း အမှတ်စစ်ရေးပြအခမ်းအနားတွင် မြန်မာတပ်မတော်မှပါဝင်ချီတက်ခဲ့မှုအပေါ် ရုရှားနိုင်ငံမှအမြဲအမှတ်ရနေမည်ဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေးနှင့်ပတ်သက်၍ တူ ညီသောသမိုင်းကြောင်းများရှိခဲ့မှု၊ နှစ်နိုင်ငံကြား Cyber security ၊ Information security တို့အပါအဝင်လုံခြုံ ရေးဆိုင်ရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အ ခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ် လည်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ချမှတ်၍ တိုက်ဖျက်ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ အာကာ သနည်းပညာဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကိုလည်းဆွေးနွေးခဲ့ကြသည်။
