ဟနွိုင်း၊ စက်တင်ဘာ ၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့တွင် ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။
အဆိုပါဖိုရမ်သို့ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ကြပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည် ယခုနှစ်တွင် နှစ် ၅၀ ပြည့် ရွှေရတုသက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှစ၍ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်ခဲ့ကြသည်။
စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတွင်လည်း ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၁၀ ဒသမ ၁၁၉ သန်းကျော် ရှိခဲ့သည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၌ သတ္တမမြောက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃ ဘီလီယံကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၀ ခန့် ဆောင်ရွက်လျက်ရှိသည်။
ယခုကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးကို ပိုမိုအားကောင်းစေပြီး အနာဂတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရေးအတွက် အထောက်အကူပြုမည့် ဖိုရမ်တစ်ရပ်ဖြစ်သည်။
