ဟနွိုင်း၊ စက်တင်ဘာ ၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် အရေးပါသည့် အစီအစဉ်များသို့ တက်ရောက်ခဲ့သည်။
