နိုင်ငံတော်တွင် ကာကွယ်ရေးဝန်ကြီးရာထူး လစ်လပ်နေသော်လည်း အာဏာလေဟာနယ်ဖြစ်မည်မဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးတာဝန်ကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာထဖွန် နာ့ခ်ဖာနစ်က ပြည်သူများကို အာမခံချက်ပေးခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနဥပဒေအရ သူသည် ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရထားကြောင်းနှင့် နယ်ပယ်အားလုံးရှိ နိုင်ငံတော်လုံခြုံရေးလုပ်ငန်းစဉ်များကို အနှောင့်အယှက်မရှိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး နာထဖွန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
နောက်ဆုံး အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းမှုတွင် လစ်လပ်နေခဲ့သော ကာကွယ်ရေးဝန်ကြီးရာထူးကို အထက်လွှတ်တော်အမတ်ဟောင်းဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချာလမ်ပူလ် ဆရီဆာဝပ်အတွက် သီးသန့်ဖယ်ထားသည်ဟူသော ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့သည်။
ဥပဒေအရ ဗိုလ်ချုပ်ကြီး ချာလမ်ပူလ်ကဲ့သို့ အထက်လွှတ်တော်အမတ်ဟောင်းအားလုံးသည် လွှတ်တော်အမတ်အဖြစ်မှ နုတ်ထွက်ပြီး အနည်းဆုံး ၂ နှစ်အထိ အစိုးရရာထူးတာဝန်များကို ထမ်းဆောင်ခွင့်မရှိပေ။ ယင်းကာလသည် စက်တင်ဘာ ၃၀ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှုများအပေါ် ပြည်သူအများ၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ အဆိုပါကိစ္စကို ဇွန်လ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည့် နိုင်ငံတော်လုံခြုံရေးကောင်စီ(NSC) ၏ ဆုံးဖြတ်ချက်အရ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ အုပ်ချုပ်ရေးဗဟိုဌာန(TCBSAC) က ကိုင်တွယ်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ကြီး နာထဖွန်က ပြောကြားခဲ့သည်။
အခြေအနေကို ကိုင်တွယ်ဆောင်ရွက်ရန် ဗဟိုက စီမံခန့်ခွဲနေကြောင်း သူကပြောကြားခဲ့ကာ နယ်စပ်တလျှောက် အခြေအနေအားလုံးသည် အပြောင်းအလဲမရှိကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
