ရေနှင့်မြေကို အကျိုးရှိထိရောက်စွာအလေးအနက်ထားလုပ်ဆောင်ခြင်းသည် နိုင်ငံသာယာဝပြောရေး၏ အဓိကအရင်းအနှီးဖြစ်ခြင်းနှင့်ပတ်သက်၍ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။
ဧပြီ ၄ ရက်မွန်းလွဲပိုင်းက နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ(၁/၂၀၂၃)အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတစ်နိုင်ငံကို ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ ရေနဲ့မြေက အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ ရေနဲ့မြေကို အကျိုးရှိထိရောက်အောင် အလေးအနက်ထားလုပ်ဆောင်ခြင်းဟာ နိုင်ငံသာယာဝပြောရေးရဲ့ အဓိကအရင်းအနှီးဖြစ်ပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။
ရေသည် အလွန်အဖိုးတန်သည့် အရင်းအမြစ်ဖြစ်ပြီး နောင်လာ နောင်သားအဆက်ဆက် လူသားများအပါအဝင် သက်ရှိသတ္တဝါများရှိနေသမျှကာလပတ်လုံး ရေရှည်သုံးစွဲသွားကြရမည်ဖြစ်၍ ရေအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းအသုံးပြုရမည်ဟု မှာကြားသည်။
ရေသည် သက်ရှိလောကနှင့်လူ့ပတ်ဝန်းကျင်အတွက် သဘာဝတရား၏ အကောင်းဆုံးလက်ဆောင်မွန်ဖြစ်ကာ လူများစားသုံးသည့် ဆန်စပါးမှစ၍ အမျိုးမျိုးသော စိုက်ပျိုးသီးနှံများထုတ်လုပ်ရာတွင် ရေသည် အဓိကလိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။
“လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာလည်း ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကဏ္ဍဟာ ကုန်ကျစရိတ်များစွာသက်သာပြီး ပြန်လည်ရရှိနိုင်တဲ့ စွမ်းအင်ဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍတွင်လည်း မြစ်ချောင်းများမှအစပြု၍ ပင်လယ်သမုဒ္ဒရာများတွင်ပါ လှေ၊သင်္ဘောများဖြင့် ခရီးသွားလာပို့ဆောင်မှုများ၊ကုန်သွယ်မှုများပြုလုပ်ခဲ့ကြမှာ ယနေ့ခေတ်အထိပင်ဖြစ်သည်ဟု နစက ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ ရေချိုအရင်းအမြစ်များအား စနစ်တကျစီမံခန့်ခွဲနိုင်ရန်၊စဥ်ဆက်မပြတ်ဖွံဖြိုးနေစေရန်၊ရေဝေရေလဲဒေသသစ်တောများ ထိန်းသိမ်းရန်နှင့်ရေထုညစ်ညမ်းမှုမရှိစေရေးတို့ကို ထိရောက်စွာဆောင်ရွက်သွားရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။


