ပေကျင်း၊ဖေဖော်ဝါရီ ၁၂
ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင် တရုတ်ခေါင်းဆောင်များက နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့် မက်လုံးအသစ်များကို ဖန်တီးသွားမည်ဟုလည်းကတိပြုခဲ့ကြသည်။
“ပြည်ပရင်းနှီးမြှုပ်နှံသူတွေ တရုတ်နိုင်ငံတွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့၊အဲ့ဒီကုမ္ပဏီတွေကိုကူညီဖို့နဲ့စည်းစနစ်တကျရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် တာဝန်ရှိသူတွေကကူညီပေးရမှာပါ” ဟုလည်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။
ကုန်ထုတ်လုပ်မှုကဏ္ဍရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာအကန့်အသတ်များကို အလုံးစုံဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုအားပေးသည့် လုပ်ငန်းအရေအတွက်ကိုပါတိုးချဲ့မည်ဖြစ်ကြောင်းကိုလည်း တရုတ်အစိုးရအဖွဲ့ကပြောကြားခဲ့သည်။
ပြည်ပသာမက ပြည်တွင်းမှရန်ပုံငွေထောက်ပံ့ပေးထားသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို အစိုးရကတန်းတူညီမျှဆက်ဆံကာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုလမ်းကြောင်းများ တိုးတက်လာစေရန်ဆောင်ရွက်မည်ဟုလည်းဆိုသည်။
ထို့အပြင် အစိုးရက တရုတ်နိုင်ငံ၌နိုင်ငံခြားခရီးသည်များ ခရီးသွားခြင်း၊နေထိုင်အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတတ်နိုင်ဆုံး အရိုးရှင်းဆုံးဆောင်ရွက်ပေးထားမည်ဟုလည်းပြောကြားခဲ့သည်။
Source : ရဟူးနူးစ်