ယမန်နေ့ ဩဂုတ်လ (၁၀) ရက်မှစတင်ပြီး ပြည်တွင်းငွေလဲဈေးကွက်တွင် ငွေလဲဈေးနှုန်းများ မငြိမ်မသက်ဖြစ်ပေါ်နေကာ ဈေးနှုန်းအဆမတန်မြင့်တက်မှုများကြောင့် ငွေလဲကောင်တာအချို့ အရောင်းရပ်နားထားကြောင်း သိရသည်။
စင်ကာပူထိပ်သီးဘဏ် United Oversea Bank (UOB) က မြန်မာပြည်အခြေစိုက် ဘဏ်လုပ်ငန်းများနှင့် ဆက်နွယ်ပတ်သက်နေမှုကို ဖြတ်တောက်ရန် ပြင်ဆင်နေကြောင်းအသိပေးပြီးနောက်ပိုင်း ပြည်တွင်းရှိ နိုင်ငံခြားငွေလဲစျေးကွက်တွင် ငွေကြေးဈေးလှယ်နှုန်း အဆမတန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
“အခုက ငွေလဲနှုန်းက ဆက်တိုက်မြင့်လာတာ။ လောလောဆယ်တော့ အရောင်းရပ်ထားတယ်။ ဈေးနည်းနည်းပြန်ငြိမ်ရင်တော့ ပြန်ဖွင့်မှာပါ “ဟု ရန်ကုန်အခြေစိုက် ငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ ဩဂုတ်လ (၁၁) ရက် နေ့လယ်ပိုင်း ငွေလဲနှုန်းများမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ၃၆၀၀ ကျပ်၊ ထိုင်းတစ်ဘတ်လျှင် ၁၀၀ ကျပ်၊ တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် ၄၈၉ ကျပ်၊ မလေးရှားရင်းဂစ် တစ်ရင်းဂစ်လျှင် ၇၆၅ ကျပ်နှင့် ဂျပန်တစ်ယန်းလျှင် ၂၄.၂၄ ကျပ်တို့ အသီးသီးရှိနေကြောင်း ပြင်ပငွေလဲလှယ်ရေးစျေးကွက်မှ သိရသည်။
ထို့ပြင် ဒေါ်လာဈေးအဆမတန် မြင့်တက်လာမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းလည်း မြင့်တက်လာခဲ့သလို ရွှေဈေးနှုန်းမှာလည်း အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ၃၇၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ငွေကြေးလှယ်နှုန်းများမှာ နေ့စဥ်မြင့်တက်လာခဲ့ရာမှ ဩဂုတ် ၁၀ ရက်တွင် သိသိသာသာ ပိုမိုမြင့်တက်လာခဲ့ပြီး ငွေလဲကောင်တာများပင် အရောင်းအဝယ်ရပ်ထားရကာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ၌လည်း အကန့်အသတ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ခဲ့ကြကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။