စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။
ဦးညွန့်သောင်း ခေါ် မောင်သာချိုသည် ကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ ဖြစ်သည်။
စာရေးဆရာ မောင်သာချိုသည် မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ပြီး ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ၊ သုံးခွကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။
သူသည် ရန်ကုန် တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ် သောင်းပြောင်း ထွေလာရယ်စရာ မဂ္ဂဇင်းတွင် “ခေတ်သစ် မေတ္တာ” ကဗျာဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။
၁၉၈၈ ခုနှစ် ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစကာ တာဝန်ခံ အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပြီး လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ ရန်ကုန်တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီကောလိပ်၊ ဟင်္သာတ ကောလိပ်၊ ပညာရေးတက္ကသိုလ် မြန်မာစာဌာနတွင်နည်းပြ၊ ကထိကနှင့် ပါ မောက္ခရာထူးများကို အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။
“နှစ်လရှည်ကြာ ခင်မင်ရတဲ့မိတိဆွေကြီးမောင်သာချိုအနေနဲ့ အက်ဆေးတွေဆောင်းပါးတွေမှာစာဖတ်သူကို တန်ဘိုးရှိအတွေးတွေပေး ရသမြောက်ရေးနိုင်သလိုဂျက်ကွမ်းခြံကုန်း ကလောင်အမည်နဲ့ သရော်စာတွေ သူမတူဖန်တီးခဲ့သူ။
ပေါ်ပြူလာဂျာနယ်တိုက်ကို အမြဲဝင်ထွက်သွားလာပြီး စာပေဟောပြောပွဲတွေ ပြောခဲ့သူ။
ဟောပြောပွဲဆိုရင် မြန်မာပြည်မှာ တစ်လကိုဆယ်ပွဲထက်မနည်း ဟောပြောခဲ့တဲ့ စာပေေဟာပြောပွဲ တွေမှာသူမပါရင်မပြီးသလို အဟောအပြော ကောင်းသူပညာကလည်း မြန်မာစာဒေါက်တာပါရဂူဘွဲ့ရ တက္ကသိုလ်ပါမောက္ခ။
သူ့လိုလူတစ်ခေတ်တစ်ယောက်ပေါ်ပေါက်ခဲတာမို့ဝမ်းနည်းတာထက်ပိုနှမျော တသခြင်းကြီးစွာဖြေဆည်မနိုင်ဖြစ်ရ ပါတယ်သူငယ်ချင်း “ဟု စာရေးဆရာ ဦးဟိန်းလတ်က ဝမ်းနည်းစကားဆိုသည်။
