အကြင်သူသည် စာပေဝါသနာပြင်း ပြသည်သာမက စာပေရေးသား ခြင်းဖြင့် စာရေးဆရာအဖြစ် အသိ အမှတ်ပြုခံ ကလောင်ရှင်တစ်ဦးဖြစ် လိုသော ဆန္ဒကြီးမားသည် ဆိုငြား အံ့။ စာပေလောကသည်ကား မာယာ များလှပေသည်။ စာပေဝါသနာကြီး တိုင်း စာရေးဆရာ ဖြစ်လိုသောဆန္ဒ ကြီးမားတိုင်း၊ ကလောင်ဖျားက မီး ပွင့်အောင် စာတွေပေတွေ လှိမ့်ရေး တိုင်း၊ စာရေးဆရာ မဖြစ်နိုင်သည် (ဝါ) စာပေအနုပညာနယ်ပယ်တွင် ထင်ရှားခိုင်ခံ့သော နေရာမရနိုင် သည်ကို အထူးသတိချပ်ရန်လိုသည်။ မဟုတ်လျှင် …ပိုးသာကုန်မောင် ပုံစောင်းမတတ်၊ ငွေကုန်သံ ပြာကိန်း ဆိုက်သွားနိုင်သည်။
အချို့ကား …ကလောင်သွေး ရင်း၊ သွေးရင်းနှင့် ခေါင်းဖြူစွယ်ကျိုး ဖြစ်ရာက ‘ရေဝေး’မှာ အနားယူသွား ကြသည်။ အချို့ကား …စာကျိုး စာပဲ့ကလေးတွေ၊ တောက်တိုမည် ရလျှောက်ရေးနေရင်းမှ ခြေကုန် လက်ပန်းကျကာ စာပေလောကကို လက်ပြနှုတ်ဆက်သွားကြသည်။ စာ ရေးဆရာကားမဖြစ်။ ကလောင်တွန်း သမား Pen-pusher ဘဝဖြင့် ကျေ နပ်လိုက်ကြရရှာ၏။
အချို့ကား …စာကျိုးစာပဲ့ တစ်ပုဒ်ခွဲလောက်ကို အယ်ဒီတာက မျက်စိလျှမ်းယောင်မှားပြီး ဖော်ပြမိ ရာက ”အိုး ငါ စာရေးဆရာဖြစ်ပါပြီ ကော”ဟု လွဲမှားစွာဘဝင်ခိုက်ကာ ကိုယ့်ကိုယ်ကိုယ်စာရေးဆရာအဖြစ် သတ်မှတ်သည်။ ထိုအလွဲ စွဲလမ်းမှု ဖြင့် တစ်သက်လုံး နေထိုင်သွားကာ သေလျှင် ခေါင်းတလား၌ ”စာရေး ဆရာ” ဘွဲ့တပ်ခြင်း ခံရသည်။ သို့ သော် စာရေးဆရာကား မဖြစ်။
ကျွန်ုပ်၏ မိတ်ဆွေ ‘ကိုကျော်ဇ’ ၏ စာပေကံကြမ္မာကား၊ အများနှင့် မတူ တစ်မူထူးခြားပေ၏။ သူ၏စိတ် နေသဘောထားကလည်း သူများ ထက်ထူးသည်။ သူသည် စာပေဝါသ နာ ပြင်းထန်သောသူ၏ စရိုက်ကို အထူးလျှို့ဝှက်ဖုံးကွယ်သည်။ ကျွန်ုပ် ကတော့ ငယ်ပေါင်းဖြစ်၍ … သူ ၏ စာပေဝါသနာနှင့် စာရေးဆရာ ဖြစ်လိုသောဆန္ဒကို သိထားသည်။ အထက်တန်းကျောင်းသားဘဝတွင် ကျွန်ုပ်တို့သည် စာကြည့်တိုက်တစ် တိုက်မှ စာအုပ်များကိုအတူ ငှား၍ ဖတ်ကြသည်။ ကိုကျော်ဇသည် အခြားစာပေများကို မဖတ်။ စုန်းက ဝေ၊ တစ္ဆေ၊ ဥစ္စာစောင့် နာနာဘာဝ၊ ဝိနာဘာဝ သရုပ်ဖော်ဖျော်ဖြေရေး ဝတ္တုများကို သဲကြီးမဲကြီး ဖတ်လေ သည်။ ကလောင်ရှင် ‘မြစကြာ’၏ တစ္ဆေသရဲဝတ္တုဟောင်းများကို ဈေး ကြီးပေး၍ ဝယ်ယူစုဆောင်း၏။
”ဟေ့ …ကျော်ဇ၊ မင်းက သဘာဝလွန်ဝတ္တုတွေ ရေးမလို့လား၊ အဲသဟာတွေက ခေတ်ကုန်နေပါပြီ ကွာ”ဟု ကျွန်ုပ်က သတိပေးသော် ကျော်ဇက မျက်မှောင်ကြုတ်၍ ..
”ဒီမှာ …မင်း မှတ်ထား သဘာဝလွန်ဆိုတာ မရှိဘူး။ သဘာ ဝမလွန်ဘဲ သဘာဝယုတ်လျော့နေ တာလည်း မရှိဘူး။ အားလုံး သဘာ ဝတရားရဲ့ နယ်ပယ်ကြီးထဲမှာပဲ ရှိကြ တယ်။ စာရေးဆရာလုပ်စားမယ့်သူ ဟာ တစ္ဆေသရဲဝတ္တုတွေကိုလည်း ဖတ်ဖူးရမယ်။ ဖိုမသဘာဝအိမ် ထောင်ရေးသရုပ်ဖော်ဝတ္တုတွေကို လည်း ဖတ်ဖူးရမယ်ဆိုတာ နားလည် လိုက်ပါ”ဟူ၍ လက်ချာရိုက်တော့ရာ ကျွန်ုပ်က ”ဟုတ်ပ၊ ဟုတ်ပ”ဟု အ လျှော့ပေးခဲ့ရသည်။
များမကြာမီ ၁၉၇ဝပြည့်နှစ် တစ် ဝိုက်၌၊ ”တော်လှန်ကဗျာ”နှင့် ”မိုးဝေ ကဗျာ”ခေတ်ထဲသို့ ရောက်လာရာ ကျွန်ုပ်သည် ‘မိုးဝေကဗျာ’လှိုင်းထဲသို့ ဝင်ရောက်မျောပါသည်။ ကိုကျော်ဇ ကတော့ မြန်မာ့ဂနÄဝင် ကဗျာနယ်ထဲ မှ ရသ၊ ဂုဏ်၊ အလင်္ကာတို့ကို ပင် ပန်းတကြီး ဖြဲရဲရှာဖွေလျက် မဂ္ဂဇင်း အချို့မှာ ‘ခေတ်စမ်း’ပုံစံ ဒွေးချိုး၊ လေးချိုး၊ တြိချိုးပုံစံ ကဗျာကလေး များမဖြစ် ချောက်ချက်ရေးဖွဲ့လျက်ရှိ ရာ ကဗျာစာမူ ၁ဝ ပုဒ် ပို့မှ ၁ ပုဒ် လောက်သာ ဖော်ပြခံရသည်။ သို့ သော် ကိုကျော်ဇကား စိတ်ပျက်ငြီး ငွေ့ခြင်းဖြစ်ပုံမရ။ ကဗျာမည်ကာ မတ္တ၊ ကဗျာကလေးတစ်ပုဒ်မျှ ဖော် ပြခံရသည်နှင့်ကို ကျော်ဇသည် သိန်း ထီပေါက်သလို အပျော်ကြီးပျော်နေ ရှာတော့သည်။
”ဒီမယ် ကြည့်စမ်း၊ ကိုယ်ရေးတဲ့ ကဗျာ”
တစ်ခါသော် ကိုကျော်ဇသည် စာစောင်တစ်ခု ယူလာကာ၊ ထိုစာ စောင်တွင်ပါရှိသော သူ၏ကဗျာကို ကျွန်ုပ်အား ပြသ၏။ ကဗျာအမည်က ”အသည်းစားဘုရင်မကြီး”တဲ့။
စီးကျသွယ်လျက်၊ မျက်ရည်စက် ကား၊ နှမလက်နက် ဖြစ်သတည်း။
”ကောင်းပါ့ဗျာ၊ ကောင်းပါ့၊ ဆက်သာရေးပါ။ တစ်နေ့မှာ ကိုယ့် လူဟာ ရာဘင်ဒရာနက်တဂိုးတို့လို ကမ္ဘာမကျော်နိုင်ဘူးလို့ ဘယ်သူပြော ရဲမှာလဲ …
”ဟု ကျွန်ုပ်က လောက ဝတ်အရ မိတ်ကောင်းပီသစွာ ထောက်ခံအားပေးလိုက်သည်။အမှန် တော့ …ကိုကျော်ဇဆီကနေ စာ အုပ်ဟောင်းတွေကို ကိုက်ဝါးစား သောက်ရင်း ရှင်သန်ကြသည့် ပိုး ဟတ်အညစ်အကြေးနံ့ နံနေပါသည်။
”ဒီမယ် ကိုယ့်လူမှတ်ထား (လမ်းရိုးဟောင်းတွင်၊ ဆင့်ကာထွင်၊ သုတ်သင်ကာမျှ၊ လွယ်ကူရ)လို့ ဆရာ ကြီးတစ်ပါးက ဟောတော်မူခဲ့တယ်။ အဲသည် သြဝါဒအတိုင်း လမ်းရိုး လမ်းဟောင်းကို တစ်ဆင့်ပြီး တစ် ဆင့် တိုးတက်တီထွင်ဖို့ ကိုယ်ကြိုးစား နေတာ”ဟု သူက သူ၏ ယုံကြည်ချက် ကို ဖွင့်ဟနေပြန်ရာ ကျွန်ုပ်သည် အောင့်အည်းအောင့်သက်နှင့် ငြိမ် နေရပြန်သည်။
သို့နှင့် နှစ်အနည်းငယ်ကြာ သော် ကျွန်ုပ်သည် ဆောင်းပါးများ ၊ အက်ဆေးများ၊ ဝတ္တုတိုများ ရေးသား ခြင်းဖြင့် ”ထမင်းရက်ချန်၊ ရေရက် မှန်” အနုပ်စုတ်ကုပ်စုတ်အညတရ စာရေးဆရာဖြစ်လာသည်။ ကိုကျော် ဇကား (အထက်မှာ ဖော်ပြခဲ့သော ကဗျာတိုကလေးတစ်ပုဒ်က လွဲလျှင်) တစ်ကြိမ်တစ်ခါမျှ စာဖတ်ပရိသတ် ရှေ့မှောက်သို့ ပွဲထွက်ခွင့်မရသေး။ သို့သော် စာမူတွေပိုက်ပြီး မဂ္ဂဇင်း တိုက်များဆီ ချီတက်ဆဲသာ။
”ဟေး …ဆရာကြီးကိုကျော် ဇ ရုပ်ရှင်မင်းသားကျော်ဟိန်းက တော့ ဟိုးဟိုးကျော်နေပြီး စာရေး ဆရာ ကျော်ဇကတော့ ငြိမ်ချက်သား ကောင်းတုန်းပါကလား …”
ရုတ်တရက်လမ်းမှာဆုံစဉ် ကျွန်ုပ်က ခပ်ရွှင်ရွှင်နှုတ်ခွန်းဆက် သော် ကိုကျော်ဇက မာနပြုံးကလေး ပြုံးလျက်။
”ကျုပ် ..အလုပ်အကြီးကြီး တစ်ခုလုပ်နေတယ် ကိုယ့်လူ၊ (ဝန်စာ ရေးဦးကြီး)ရေးတဲ့ (ချဉ်ပေါင်ရွက် သည် မောင်မှိုင်း)ဝတ္တုကြီးကို အား ကျမခံစိတ်နဲ့ (ပျိုတိုင်း ကြိုက်တဲ့ မောင်ဝိုင်း) ဆိုတဲ့ ဝတ္တုကြီးရေးနေ တယ် …”
”အလဲ့ …၊ တယ်လုပ်ပါ လား၊ မြန်မာကျော်ရုံတင်သာမကဘဲ ကမ္ဘာမှာပါ ကျော်တော့မယ် မှတ်ပါ ရဲ့၊ ခေတ်စကားနဲ့ ပြောရရင် (ဆော် ပွေ)တဲ့ လူလည်လူလိမ်ဇာတ်လမ်း ပေါ့”
”ဒါပေါ့ နိုင်ငံတကာအဆင့်မီ ဝတ္တုရှည်ကြီးပေါ့”
”ကောင်းသဗျာ၊ နိုင်ငံတကာ စာပေသုံးဝေါဟာရအားဖြင့် ဆရာ ကြီးကျော်ဇရဲ့ ဝတ္တုမျိုးကို ပစ်ကာ ရက်နိုဗယ် Picaresque Novel လို့ ခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်”
”ဟုတ်သလေ၊ ချစ်သူဝိုင်းဝိုင်း လည် ဝတ္တုကြီးပေါ့”
ကျွန်ုပ်သည် ကိုကျော်ဇ၏လက် ရာ ချစ်သူဝိုင်းဝိုင်းလည်သော ကိုလူ လည်ဝတ္တုကြီးကို မျှော်လင့်ရင်း ၂ဝ ရာစုမှ ၂၁ ရာစုသို့ ကူးဝင်လာခဲ့ သည်။ သတင်းအစအနမျှပင် မရခဲ့။ ကိုကျော်ဇနှင့်လည်း မဆုံဖြစ်။
ဤသို့နှင့် ကျွန်ုပ်ရော ကိုကျော် ဇပါ အသက် ၆ဝ ကျော်၍ ၇ဝ တွင်း သို့ ချင်းနင်းဝင်ရောက်လာခဲ့ကြသည့် ကာလတစ်နေ့တွင် ကိုကျော်ဇနှင့် ဘွားခနဲဆုံဖြစ်ခဲ့သည်။ ဘာရယ် ကြောင့်မှန်းမသိ။ သူသည် ကျွန်ုပ် ထက် အိုစနာကျနေသည်။ ”ဟွီး .. စာတွေပေတွေ ရေးသားဖန်တီးလာ ခဲ့တာ နှစ်ပေါင်း ၄ဝ ကျော်ပြီး ကဗျာ တိုကလေး တစ်ပုဒ်ကလွဲလို့ တစ်ခါမှ ပုံနှိပ်စာလုံးဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့ ကျုပ်ဇွဲမလျှော့ဘူး။ လောကဓံတစ်ပွဲ ကို အနိုင်နွှဲပြီး အောင်ပွဲနဲ့ နိဂုံးချုပ် မဗျ …”ဟု သူက ကြုံးဝါးသည်။
ကျွန်ုပ်ကား နှုတ်စောင့်စည်းသူ တည်း။
”ဘယ်လောက်ရေးရေး ပါရမီ မပါရင် စာရေးဆရာမဖြစ်ဘူး”ဟု ကျွန်ုပ်မပြောခဲ့ပါချေ။ ။
ကြူးနှစ်