ဓာတ်တော်ချိုင့်ရေတံခွန်သို့ ယခုရက်ပိုင်းအတွင်း ခရီးသွားစိတ်ဝင်စားမှု မြင့်တက်နေကြောင်း ဒေသခံနှင့် ခရီးသွား၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ကြသူများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ဓာတ်တော်ချိုင့် ရေတံခွန်သို့ အတက်အဆင်း လမ်းခရီး ခက်ခဲကြမ်းတမ်းသည့်ကြားမှ ခရီးသွားစိတ်ဝင်စားမှုပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
“လျှိုထဲကို ၉၀ ဒီကရီ နီးပါးလောက်မတ်စောက်ကြီးဆင်းရတာပေါ့။ စွန့်စားသွားလာရတဲ့ ခရီးကြမ်း စိတ်ဝင်စားသူတွေအတွပ်အဆင်ပြေတယ်။ ဒီရက်ပိုင်း စိတ်ဝင်စားမှုမြင့်တက်ခြင်းခံရတဲ့ခရီးစဉ်တစ်ခု ပြောပါဆိုရင်၊ မေမြို့ အနီးစခန်းက ဓာတ်တော်ချိုင့်ရေတံခွန်လို့ ပြောရမှာပဲ” ဟု မန္တလေးမြို့အခြေစိုက်ပြီး ခရီးသွား၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးပြောသည်။
ရေတံခွန်သို့လာရောက်သည့်ခရီးသွားအများစုက မန္တလေးမြို့မှလာရောက်ကြသူများဖြစ်ပြီး၊ အစုအဖွဲ့အလိုက် စက်ဘီး၊ ဆိုင်ကယ်၊ ကားများဖြင့် လာရောက်ကြခြင်းဖြစ်ပြီး စနေတနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် ခရီးသွားရာနှ င့်ချီ လာရောက်ကြောင်း သိရသည်။
ဓာတ်တော်ချိုင့် ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အနီးစခန်းကျေးရွာမှတဆင့် သွားရသည့် သဘာ၀ခရီးသွားနေရာတစ်ခုဖြစ်ပြီး စိမ်းလန်းစိုပြည်သည့်တောင်တန်းများအကြားတည်ရှိသော သဘာ၀အတိုင်းလှပနေသည့်ရေတံခွန်တစ်ခုဖြစ်သည်။
