ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်အနေဖြင့် ရွေးကောက်ပွဲဝင်ခွင့်မရကြောင်း ထွက်ပေါ်နေသည့် သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ရန်ကုန်တိုင်း ဥက္ကဋ္ဌက ပြောသည်။
“ကျွန်တော်ကိုယ်တိုင် တိုင်းကော်မရှင်ဆီကနေ ကိုယ်စားလှယ်လောင်း ကတ်တွေထုတ်ပြီး အန်တီ ဒေါ်သက်သက်ခိုင်လက်ထဲအပ်ခဲ့တာဖြစ်လို့ အခုထွက်နေတဲ့သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် လာမည့်ရွေးကောက်ပွဲတွင် ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပမြို့နယ်တို့ပါဝင်သည့် ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းထားခြင်းဖြစ်သည်။
ပြည်သူ့ရှေ့ဆောင်ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း (၆၇၂) ယောက် ဝင်ပြိုင်ရန် UEC ထံ အမည်စာရင်း တင်သွင်းထားသည့် ပြည်ထောင်စုအဆင့် ပါတီတစ်ခု ဖြစ်သည်။
