မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပြင် ဒေသတွင်း နိုင်ငံများ၌ ကိုဗစ်ကူးစက်မှု တကျော့ပြန်မြင့်တက်နေချိန်တွင် ပြည်တွင်း၌လည်း (၁၀) ရက်တာအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ(၆)ဦးရှိလာကြောင်း ဒေါက်တာဒေါ်ခင်ခင်ကြီးက ယနေ့တွင် အသိပေးထားသည်။
ယခုလ မေ(၁၅)ရက်မှ မေ (၂၅) ရက်အတွင်း ရောဂါပိုးစစ် ဆေးသူ စုစုပေါင်း (၂, ၇၅၄) ဦးအနက် ရောဂါပိုးတွေ့ရှိသူ (၆)ဦးအထိရှိကာ ပိုးတွေ့ရာခိုင်နှုန်းအနေဖြင့် (၀.၂၂)ရှိကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်၁၉ စတင်ဖြစ်ပွားချိန်မှစ၍ ပိုးတွေ့သူ စုစုပေါင်း (၆၄၃,၂၃၉) ဦးတွေ့ရှိကာ အသက်ဆုံးရှုံးသူ စုစုပေါင်း (၁၉,၄၉၄) ဦးရှိကြောင်း သိရသည်။
ဒေသတွင်း နိုင်ငံအချို့တွင် ကိုဗစ်ကူးစက်နှုန်းမြင့်တက်နေသည့်အတွက် နိုင်ငံဖြတ်ကျော်ဝင်ထွက်ပေါက်များဖြစ်သော အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များအား စောင့်ကြပ်ကြည့်ရှုနေကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားထားသည်။
ထို့ပြင် သံသယ လက္ခဏာရှိသူများအား ဓာတ်ခွဲစစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှု စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအစရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိကြောင်း ဆိုသည်။