အိန္ဒိယနိုင်ငံ ဒေလီနှင့် မြို့တော်ဒေသတို့တွင် ယမန်နေ့(မေလ ၂ရက်နေ့) နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှု၊ ဖုန့်မှုန့်မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လေကြောင်းခရီးစဉ် ၂၀၀ ခန့် နှောင့်နှေးခဲ့ရသည်။ ဒေလီမြို့တော်၏ ဒွါကာ အရပ်တွင် လေပြင်းကြောင့် နေအိမ်ခန်းပေါ် သစ်ပင်ပြိုကျ၍ အမျိုးသမီးတစ်ဦးနှင့် သူ၏ သားသမီးသုံးဦး ေ-သဆုံးခဲ့သည်။
ဒေလီမြို့ အင်ဒီရာဂန္ဒီနိုင်ငံတကာ လေဆိပ်သို့ ပျံသန်းနေသည့် လေယာဉ်သုံးစင်းသည် အာမက်ဒါဘတ်နှင့် ဂျိုင်ပူရ်သို့ လမ်းကြောင်းပြောင်းခဲ့ရသည်။ တဖန် ဘန်ဂလို-ဒေလီ ခရီးစဉ်နှင့် ပူနေး-ဒေလီ ခရီးစဉ် ပျံသန်းသော လေယာဉ်များသည်လည်း ဂျိုင်ပူရ်သို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရသည်။ ဒေလီလေဆိပ်၏ ပျှမ်းမျှ လေယာဉ်ခရီးစဉ် ကြန့်ကြာမှုသည် ဆိုက်ရောက်ခရီးစဉ်များအတွက် ၂၁ မိနစ်နှင့် ထွက်ခွာခရီးစဉ်များအတွက် ၆၁ မိနစ် ရှိခဲ့သည်ဟု FlightRadar က ဖော်ပြခဲ့သည်။
ထို့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲခဲ့သဖြင့် ဒေလီဌာနခွဲရှိ မီးရထားခရီးစဉ် ၁၅ ခုမှ ၂၀ ခုခန့် ကြန့်ကြာခဲ့ရသည်။
ဒေလီ၏ နေရာအတော်များများတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ အမြစ်မှကျွတ်ထွက်ကာ သစ်ကိုင်းများကျိုးကျခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးပေ။ ရာသီဥတု အခြေအနေကို စောင့်ကြည့်ရန်နှင့် တတ်နိုင်သမျှ နေအိမ်ထဲတွင်သာ နေကြရန် အများပြည်သူကို အကြံပြုထားသည်။
ဒေလီတွင် အပူချိန် ၁၉ ဒဿမ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိနေပြီး ဒေလီတစ်ဝန်းတွင် မိုးသည်းထန်ခြင်း၊ မုန်တိုင်းများနှင့် လေတိုက်နှုန်း တစ်နာရီ ၇၀ မှ ၈၀ ကီလိုမီတာခန့်ရှိ လေပြင်းများ တိုက်ခတ်နိုင်သည်ဟု အိန္ဒိယ မိုးလေဝသဌာနက ဖော်ပြခဲ့သည်။
Ref: အင်န်ဒီတီဗီ