နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းကကျင်းပသည့် ၂ဝ၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း(၃,၀၀၀)ပင်ကိုနစက ဥက္ကဋ္ဌအပါအဝင် စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် နစက ဥက္ကဋ္ဌမှ ရာသီဥတုမျှတစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး ဂေဟစနစ်ကောင်းမွန်စေရန်၊ နောင်အနာဂတ်မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်အမွေအနှစ်ကောင်းများပေးစွမ်းနိုင်စေရန်နှင့် သစ်ပင်သစ်တောများ၏ စစ်မှန်သည့်တန်ဖိုးကိုသိရှိနားလည်ပြီး သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် လူတိုင်းပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ နှစ်စဉ်မိုးရာသီကာလများတွင် သစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံတော်ကဦးစီးဦးဆောင်လုပ်ပြီး နိုင်ငံနှင့်တစ်ဝန်းကျင်းပပြုလုပ်လျက်ရှိကြောင်း ပြောသည်။
ယနေ့ကျင်းပသည့် ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး(၁၈)မျိုး၏ ပျိုးပင်ပေါင်း(၃,၀၀၀)ပင်ကိုစိုက်ပျိုးခဲ့ကြပြီး ဇွန် ၁၅ ရက်က ရန်အောင်မြင်ကြိုးဝိုင်းအတွင်းကျင်းပသည့် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌လည်း သစ်မျိုး(၁၆)မျိုး၏ သစ်ပင်ပေါင်း (၃,၀၀၀)ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။
