တေးရေး/တေးဆို ခွန်နေလင်းနိုင်(ခ)ဒိုးလုံး၏ တေးသီချင်းများအား စီးပွားဖြစ်အသုံးပြုမည်ဆိုပါက အသိပေးခွင့်တောင်းရန်လိုအပ်ကြောင်း သူ၏ ဇနီးဖြစ်သူက ကြေညာသည်။
၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ချောစုတင်(ချောစုခင်)က နိုင်ငံပိုင် သတင်းစာမှ တဆင့်အသိပေး ကြေညာခြင်းလည်းဖြစ်သည်။
ကြေညာချက်၌ ဂီတအနုပညာရှင် ခွန်နေလင်းနိုင်(ခ)ဒိုးလုံး ဖန်တီးခဲ့သော တေးသီချင်းများ၏ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအားလုံးကို ၎င်းကွယ်လွန်ချိန်မှစ၍ ယနေ့ထိတိုင် ဒေါ်ခင်ချောစုတင် (ချောစုခင်)က ဆက်ခံသူအဖြစ် တရားဝင်စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် တေးရေး/တေးဆို ဒိုးလုံး ဖန်တီးခဲ့သော တေးသီချင်းများအား အသုံးပြုမည်ဆိုပါက ဒေါ်ခင်ချောစုတင် (ချောစုခင်) ထံသို့ ဖြစ်စေ၊ တရားဝင်လွှဲအပ်ညွှန်ပြထားသောကုမ္ပဏီ၊ လူပုဂ္ဂိုလ်တို့ထံသို့ဖြစ်စေ အသုံးမပြုမီ ကြိုတင်ခွင့်ပြုချက်တောင်းခံ၍ ခွင့်ပြုချက်ရရှိမှသာလျှင် အသုံးပြုရန်နှင့် ခွင့်ပြုချက်တောင်းခံခြင်း မရှိဘဲ စီးပွားဖြစ်မည်သည့် ကဏ္ဍတွင်မဆို အသုံးပြုပါက ဥပဒေနှင့်အညီဆက်လက်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားခြင်းဖြစ်သည်။
တေးရေး/တေးဆို ဒိုးလုံးသည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်၊ စက်တင်ဘာ (၂) ရက်တွင် ကွယ်လွန်ခဲ့ခြင်းလည်းဖြစ်သည်။