ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၌ အမျိုးသား(၇)ဦးကို လိုင်စင်မဲ့ကား(၆)စီးနှင့်အတူ ဖေဖော်ဝါရီ ၂၃ ရက်နံနက် ၈ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဒိုက်ဦးလမ်းခွဲတွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၇၂/၄ အနီးရှိ ဒိုက်ဦးအဆင်းလမ်းခွဲ ၌ ယာဉ်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးစဥါ ဒိုက်ဦးမြို့ဘက်မှ အမြန်လမ်းမကြီးဘက်သို့ ကျော်လင်းထွဋ်(၂၆)နှစ်မောင်းကာ စိုးမင်းပိုင်(၃၆)နှစ်လိုက်လာသည့် MDY-21 2R/xxxx VANGUARD ကား၊ သိန်းဇော်ဦး(၂၄)နှစ်မောင်းလာသည့် KYN-7 6M/xxxx KLUGER ကား၊ ပြည့်ဖြိုးနိုင်(၃၂)နှစ်မောင်းလာသည့် YGN-34 6Q/xxxx HIJET ကား၊ စိုင်းမောင်မောင်(၂၉)နှစ်မောင်းလာသည့် MDY-11 2Q/xxxx HONDA Fit ကား၊ တင်ဦး(၅၉)နှစ်မောင်းလာသည့် MDY-21 7P/xxxx TOYOTA WISH ကားနှင့် မောင်ညို(၄၈)နှစ်မောင်းလာသည့် YGN-34 4R/xxxx RVR ကားတို့အားတားဆီးစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ ကားများနှင့်ပတ်သက်သည့်အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ကားများဖြစ်ကြောင်းဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် လိုင်စင်မဲ့ကား(၆)စီးနှင့်အတူ ဖမ်းဆီးရမိသူများအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
