ရန်ကုန်မြို့တွင် ထူးကဲဒီရေတက်မည့် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့၌ မိုးထစ်ချုန်းရွာသွန်းနိုင်သဖြင့် ရန်ကုန်မြစ်အတွင်း သွားလာနေသည့် ရေယာဉ်များအနေဖြင့် အထူးသတိပြု သွားလာကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ ခန့်မှန်းချက်အရ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများတွင် ဇွန် ၁၆ ရက် ညနေပိုင်းအထိ မိုးတစ်ကြိမ်မှ နှစ်ကြိမ်အထိ ထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာဒေသများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးထားသည်။