ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် လိုင်စင်မဲ့နှင့် သက်တမ်းလွန်ယာဉ်များ ရောင်းချမှု ရှိ/မရှိကို စစ်ဆေးလျက်ရှိပြီး၊ လိုက်နာမှုမရှိသည့် မည်သူကိုမဆို ၂၀၂၀ ပြည့်နှစ် မော်တော်ယာဥ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုစစ်ဆေးဆောင်ရွက်မှုကို အမှတ်(၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်း-အရှေ့) ကွပ် ကဲမှုအောက်ရှိ အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တာချီလိတ်မှ တာဝန်ရှိသူများနှင့်အတူ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာန၊ ဟောင်လိတ်နယ် မြေရဲစခန်းမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။
” လိုင်စင်မဲ့ရောင်းချတဲ့ဆိုင်တွေကို စစ်တာက သဘာဝကျတယ်။ လိုင်စင်မဲ့ယာဉ်တွေက အချို့ဆိုင်တွေကနေ ထွက်တာမျိုးရှိတယ်။ ဝယ်စီးမဲ့သူကလည်း လိုင်စင်မပါ တစ်ဈေးဆိုတော့ စီးလို့ရနေတာပဲဆိုပြီး လိုင်စင်မဲ့ပဲ ဝယ်စီးနေကြတာ။ ဆိုင်တွေကို စစ်ဆေးတာပိုထိရောက်တာပေါ့”ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယမန်နေ့က တာချီလိတ်မြို့ ပါလျှံ(၃)မီးပွိုင်လမ်းဆုံနှင့် မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားအနီး မီးပွိုင်လမ်းဆုံကြား၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေးအတွက် လိုင်စင်မဲ့ယာဉ်များ တရားမဝင်တင်သွင်းခြင်း၊ ရောင်းချခြင်း၊ မောင်းနှင်အသုံးပြုခြင်း မရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးကြခြင်းဖြစ်သည်။
