ထိုင်းနိုင်ငံဒေသကြီးလေးခုရှိ ပြည်နယ် ၁၇ ခုမှ ဒေသခံများအနေဖြင့် အင်္ဂါနေ့မှ စနေနေ့အကြား ရေလွှမ်းမိုးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားကြရန် သဘာဝဘေး ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန(DDPM) က တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်ရေအရင်းအမြစ်ရုံးသည် စနေနေ့မှစကာ ရေမြင့်တက်မှုအခြေအနေကို စောင့်ကြည့်နေပြီး နိုင်ငံ၏ ဒေသအချို့တွင် သဘာဝဘေးများဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိနေကြောင်းနှင့် အင်္ဂါနေ့မှ စနေနေ့(ဇူလိုင်လ ၅ရက်) အကြား ယင်းအခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း DDPM ညွှန်ကြားရေးမှူးချုပ်ပက်ဆာကွန်း ဘူညာလက်က ပြောကြားခဲ့သည်။
ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်နိုင်ခြေအတွက် သတိပြု ပြင်ဆင်ထားကြရန် မြောက်ပိုင်းရှိ ပြည်နယ် လေးခု၊ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်ကိုးခု၊ အလယ်ပိုင်းပြည်နယ်နှစ်ခု၊ တောင်ပိုင်းပြည်နယ်နှစ်ခုတို့ကို တိုက်တွန်းထားခဲ့ပြီး ယင်းဒေသများရှိ အသေးစားမှ အလတ်စား ရေလှောင်ကန်များကို အနီးကပ်စောင့်ကြည့်သင့်သည်ဟု DDPM က ပြောဆိုသည်။
ချင်းရိုင်ပြည်နယ်ရှိ Ing မြစ်နှင့် မဲခေါင်မြစ်ရေမြင့်တက်နေသောကြောင့် ချင်းရိုင် အပါအဝင် ယင်းမြစ်ကြောင်းများတလျှောက်ရှိ ပြည်နယ်များအပေါ် အကျိုးသက်ရောက်နိုင်ခြေရှိသည်ဟု သိရသည်။
Ref: ဘန်ကောက်ပို့စ်
