ထိုင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုရာပက် ထာညာဝေါင်သည် ဗုဒ္ဓဟူးနေ့တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ၎င်းအနေဖြင့် နိုင်ငံဖြတ်ကျော် အလိမ်အညာကွန်ရက်များနှင့် ဆက်စပ်ပတ်သက်ခြင်းမရှိကြောင်းနှင့် ထိုကဲ့သော မဟုတ်မမှန်သတင်းဖြန့်သူများကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားရှိ လိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်သည့် နိုင်ငံခြားသား လိမ်ညာသူတစ်ဦးနှင့် သူ သည် အဆက်အဆံရှိနေသည်ဟူသော ယခုသီတင်းပတ်အတွင်းက အစီရင်ခံစာတစ်ခုကြောင့် ဗိုရာပက်သည် အစစ်ဆေးခံနေရသည်။
ထို့အပြင် ဗိုရာပက်၏ ဇနီးသည် ယခုနှစ်အတွင်း တရုတ်-ကမ္ဘောဒီးယားရာဇဝတ်သား၏ ကွန်ရက်များထံမှ ခရစ်ပ်တို ငွေကြေး ဒေါ်လာ ၃ သန်းရရှိခဲ့ကြောင်းနှင့် ၎င်းရာဇဝတ်သားကို အစိုးရကော်မတီတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စုံစမ်းစစ်ဆေးရန် တာဝန်ပေးထားသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြောကြားခဲ့ရာ၌ မစ္စတာ ဗိုရာပက်က ၎င်းအား တရားမဝင်ငွေကြေးအဖွဲ့များ အထူးသဖြင့် ကမ္ဘောဒီးယားတွင် လည်ပတ်နေသော အဖွဲ့များနှင့် ပတ်သက်မှုရှိသည်ဆိုသော စွပ်စွဲချက်များသည် အလွဲအမှားများဖြစ်ပြီး အန္တရာယ်များကြောင်း ပြောဆိုခဲ့သည်။
“ပြည်တွင်းရော နိုင်ငံတကာမှာပါ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ အတွေ့အကြုံ ကျွန်တော်မှာ နှစ် ၃၀ ကျော်ရှိပါတယ်။ ဘယ်တုန်းကမှ နိုင်ငံရေးအာဏာကို အသုံးချဖို့ မကြိုးစားခဲ့ပါဘူး။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကျွန်တော့်တတ်ကျွမ်းမှုနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားရှိ အလိမ်အညာဂိုဏ်းတစ်ခုနှင့် သူချိတ်ဆက်မှုရှိသည်ဆိုသော သတင်းများကို ၎င်းက ပယ်ချခဲ့ပြီး ကမ္ဘောဒီးယားတွင်ဖြစ်စေ အခြားမည်သည့်နေရာတွင်ဖြစ်စေ လိမ်လည်လှည့်ဖြားသည့်လုပ်ငန်းများတွင် လုံးဝမပါဝင်ခဲ့ကြောင်း ပြောကြားသွားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်၊ ဘာရွန်စ်
