ပြီးခဲ့သောလက ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့မှုမှ အစပြုခဲ့သည့် ထိုင်းနိုင်ငံနှင့် ဆက်လက်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် မြို့တော်ဂျကာတာ၌ အစိုးရက စီစဉ်သော လူထုချီတက်ပွဲကို ကမ္ဘောဒီးယားပြည်သူ ထောင်နှင့်ချီ၍ ပူးပေါင်းပါဝင်ခဲ့ကာ အစိုးရကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။
ကီလိုမီတာ ၈၂၀ ခန့် နယ်နိမိတ်ခြင်းထိစပ်နေသော အိမ်နီးချင်းနှစ်နိုင်ငံသည် နယ်နိမိတ်မျဉ်းမသတ်မှတ်ရသေးသော အစိတ်အပိုင်းများရှိနေပြီး နှစ်ဖက်အကြား ဆယ်စုနှစ်များစွာ အငြင်းပွားနေသော ရှေးဟောင်းဘုရားကျောင်းနေရာများလည်း ပါဝင်သည်။
တင်းမာမှုများ ဖြေလျှော့ရေးအတွက် ဖနောင်ပင်တွင် နှစ်ဖက်အရာရှိများ ဆွေးနွေးမှုများ လုပ်ခဲ့ပြီးနောက်တွင် လူထုစုဝေးပွဲလုပ်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးမှုများသည် မအောင်မြင်ခဲ့သော်လည်း နှစ်ဖက်စလုံးက ဆက်လက်ဆွေးနွေးသွားရန် ကတိပြုထားကြသည်။
ချီတက်ဆန္ဒပြသူများသည် ကမ္ဘောဒီးယားအလံများ ဝှေ့ယမ်းကာ ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပြီး ဝန်ကြီးချုပ် ဟွန်မာနက်နှင့် သူ၏ သြဇာတိက္ကမကြီးမားသော ဖခင် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့၏ ပုံတူဓါတ်ပုံများကိုလည်း ကိုင်ဆောင်ထားခဲ့ကြသည်။ ဝန်ကြီးချုပ်၏ အစ်ကိုဖြစ်သော ဟွန်မာနီ ဦးဆောင်သည့် ချီတက်ပွဲတွင် ရဟန်းသံဃာတော်များနှင့် ကျောင်းသားများကိုလည်း တွေ့ရသည်။
ထိုင်းနိုင်ငံသည် ၎င်းတို့၏ အချုပ်အခြာအာဏာကို ထပ်မံချိုးဖောက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
“ထိုင်းနိုင်ငံဟာ ဒရုန်းပျံသန်းတာတွေ၊ ကတုတ်ကျင်းတူးတာတွေနဲ့ တပ်ဖွဲ့ဝင်တွေဖြန်ကျက်တာအပါအဝင် နယ်စပ်တလျှောက်မှာ လှုပ်ရှားမှုတွေ တိုးလုပ်နေတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထိုင်းဘက်ကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
“ဒီကတုတ်ကျင်းတွေဟာ ထိုင်းအချုပ်အခြာပိုနက်ထဲမှာ ကောင်းကောင်းတည်ရှိတာမို့ MOU 2000 ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်မှန်သမျှကို ပယ်ချပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ၂၀၀၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် နယ်စပ်အငြင်းပွားမှုများကို ဖြေရှင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရည်ညွှန်း၍ ပြောဆိုခဲ့သည်။
“ထိုင်းနိုင်ငံက နယ်စပ်တလျှောက်မှာ လှုပ်ရှားမှုတွေ တိုးမြှင့်နေခြင်း မရှိပါဘူး” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။
Ref: အေးရှားဝမ်း
Ref: အေးရှားဝမ်း