ထိုင်း – မြန်မာ နယ်စပ်မြို့ဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ရွှေဆိုင် တစ်ဆိုင်ကို ဓားပြတိုက်ခဲ့သည့် အမျိုးသား တစ်ဦးအား မြန်မာဘက်ခြမ်း၌ ဖမ်းဆီးရမိခဲ့ကြောင်း MaeSai Press တွင်ဖော်ပြချက်အရ သိရသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ (၂၆) ရက်က အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦးသည် မယ်ဆိုင်မြို့ရှိ ရွှေဆိုင် တစ်ခုကို ဓားပြတိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ လောင်းကစားရုံ တစ်ခုတွင်အကြွေးသွားဆပ်ခဲ့ကြောင်း ယင်းကို ဇန်နဝါရီ (၈) ရက် နံနက် (၈)နာရီခွဲတွင် မြန်မာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံသတင်းမီဒီယာဖြစ်သည့် Maesai Press တွင် ဖော်ပြထားသည်။
အဆိုပါအမျိုးသားသည် ရွှေဆိုင်မှ အလေးချိန် (၅)ကျပ်သားရှိသည့် ရွှေဆွဲကြိုးအား ထိုင်းဘတ်ငွေ (၁၅၃,၅၀၀)ဘတ်ဖြင့် ရောင်းချခဲ့ပြီး မြန်မာဘက်ခြမ်းရှိ လောင်းကစားရုံသို့ အကြွေးသွားဆပ်ခဲ့သည်ဟုလည်း ယင်းသတင်းတွင် ရေးသားထားသည်။
အဆိုပါ ဓားပြတိုက်သည့် အမျိုးသားကို ထိုင်းအာဏာပိုင်မှတဆင့် Thai- Myanmar Township Border Committee (TBC) နှင့် BLO တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
Photo Maesaipress
