ထိုင်းနိုင်ငံအစိုးရ၏ သတ်မှတ်ရက်ဩဂုတ်၁ ရက်နေ့ထက် မြန်မာများကျော်လွန်နေထိုင်နိုင်ရေး အတွက် မြန်မာအစိုးရကထိုင်းနှင့်ဆွေးနွေးလျှက်ရှိ
ထိုင်းနိုင်ငံသို့ Job Passport – PJ နိုင်ငံကူးလက်မှတ်ဖြင့် ရောက်ရှိနေပြီး ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်၌ သက်တမ်းကုန်နေသည့် MoU လုပ်သားများ၏ နိုင်ငံကူးလက်မှတ်များကို မြန်မာသံရုံးကဆောင်ရွက်ပေးနေကြောင်း သံရုံးဘက်ကသတင်းထုတ်ပြန်သည်။
ရက်ချိန်းရရှိရက်တွင် နေ့ချင်းပြီး ရရှိနိုင်ရေး မြန်မာသံရုံးဝန်ထမ်းများမှ နေ့စဉ် တာဝန်ချိန်ကျော်လွန်သည်အထိဆောင်ရွက်ပေးလျက် ရှိနေကာ စက်ရုံ/အလုပ်ရုံလုပ်သားများအတွက် စက်အသစ်များ ထပ်မံတပ်ဆင်ခြင်း၊ စမ်းသပ်ထုတ်ပေးခြင်းတို့ကိုလည်း ယခုရက်အတွင်း ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းဆိုသည်။
ယင်းအပြင် ထိုင်းနိုင်ငံအစိုးရ၏ သတ်မှတ်ရက် ၁-၈-၂၀၂၂ ရက်နေ့ထက် ကျော်လွန်နေထိုင်နိုင်ရေး အတွက်ကိုလည်း မြန်မာနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့တာဝန် ရှိသူများ ညှိနှိုင်းဆွေးနွေးလျက် ရှိနေသည်ဟုလည်းထုတ်ပြန်သည်။
ထိုသို့ နိုင်ငံကူးလက်မှတ်ဆောင်ရွက်ပေးနေသဖြင့် မြန်မာသံရုံးရှေ့တွင် ရုံးဖွင့်ရက်များ၌ မြန်မာနိုင်ငံသား ၂၀၀၀ ဦးခန့် လာရောက်လေ့ရှိရာ စနစ်တကျတန်းစီရေး၊ အမှိုက်များ စနစ် တကျ စွန့်ပစ်ရေးတို့အတွက် ဗန်ကောက်မြို့၊ ဘန်းရတ်ထွေ/အုပ်ရုံး၊ စည်ပင်သာယာရေး ဌာနမှ ၁၉-၅-၂၀၂၂ ရက်နေ့တွင် မြန်မာသံရုံးသို့ အကြောင်းကြားစာ ထပ်မံပေးပို့လာ၍ မြန်မာနိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူများအနေဖြင့် စနစ်တကျ တန်းစီခြင်း၊ အမှိုက်များအား အမှိုက်ပုံးအတွင်း စနစ်တကျစွန့်ပစ်ခြင်း၊ လမ်းသွား/လမ်းလာ များအား ရှောင်တိမ်းပေးခြင်း၊ အခြားသူများ၏ ခြံဝန်းရှေ့၌ စိုက်ထားသော သစ်ပင်များ မပျက်စီးစေရန် ဂရုပြုခြင်းတို့ကို ထိုင်းနိုင်ငံ၊ စည်ပင်သာယာရေးအဖွဲ့၏ စည်းကမ်းများနှင့် အညီ တစ်ဦးချင်းလိုက်နာကြရန် လိုအပ်လျက် ရှိကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။