ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ လေဆိပ်ဌာနက ဒေသဆိုင်ရာလေဆိပ်ခြောက်ခုတွင် ခရီးသွားလာကြမည့် လေကြောင်းခရီးသည်များအတွက် ခရီးသည်ဝန်ဆောင်မှုကြေး (PSC) နှုန်းထားအသစ်ကို ယခုသီတင်းပတ်အတွင်း ကြေညာခဲ့သည်။
ယင်းမှာ ပြည်တွင်းခရီးသည်တစ်ဦးလျှင် ၇၅ ဘတ်နှင့် နိုင်ငံတကာလေကြောင်းခရီးသည်များအတွက် တစ်ဦးလျှင် ၄၂၅ ဘတ် သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။
ယင်းနှုန်းထားများသည် ယခင်က ပြည်တွင်းခရီးသည်များအတွက် ဘတ် ၅၀ နှင့် နိုင်ငံတကာခရီးသည်များအတွက် ဘတ် ၄၀၀ မှ တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသားများ အားလုံးအတွက် အသက်ဝင်လာမည်ဖြစ်သည်။
တိုးမြှင့်ကောက်ခံသည့် လေဆိပ်ခွန်သည် ခရီးသည်များ၏ လေယာဉ်လက်မှတ်ဖိုးများတွင် တပါတည်းပါ၀င်ပြီး ထပ်မံ ပေးဆောင်ရန်မလိုကြောင်းလေယာဥ်လက်မှတ်အရောင်းဌာနများမှ သိရသည်။
ခရီးသည်ဝန်ဆောင်မှုကြေး (PSC) နှုန်းထားအသစ်ကို ပေးဆောင်ရမည့် လေဆိပ်များမှာ Krabi(ခရာဘီ)၊ Surat Thani(ဆူရတ်ဌာနီ)၊ Ubon Ratchathani(အူဘွန် ရတ်ချာဌာနီ)၊ Khon Kaen(ခွန်ကဲန်)၊ Nakhon Si Thammarat(နခွန် ဆီ ထမ်မာရတ်) နှင့် Phitsanuloke(ပစ်စနိုးလုတ်) နိုင်ငံတကာလေဆိပ်တို့ ဖြစ်ကြသည်။
ယခုတိုးမြှင့်လိုက်သည့် နှုန်းထားအသစ်သည် ကုန်ကျစရိတ် မြင့်မားမည်ကို စိုးရိမ်သော နိုင်ငံခြားခရီးသွားများအတွက်မူ စိုးရိမ်စရာ ဖြစ်လာနိုင်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးက ပြောသည်။ သို့သော်လည်း ဘတ် ၃၀၀ တန် ခရီးသွားလာခွန်မှာမူ မကြာသေးမီနှစ်များအတွင်း ဆက်ခံသော အစိုးရများအတွက် ပြင်ဆင်ရန် ထပ်တလဲလဲ အဆိုပြုချက်တစ်ခု ဖြစ်ခဲ့ကြောင်း သူက မှတ်ချက်ပြုသည်။
Source:thai PBS world
