ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အနီးတွင် မြေမြှုပ်မိုင်းထိခဲ့မှုကြောင့် ထိုင်းစစ်သားသုံးဦး ဒဏ်ရာရရှိခဲ့ခြင်းသည် အော့တဝါကွန်ဗင်းရှင်းကို ဖေ-ာက်ဖျ-က်ရာရောက်သည့်အတွက် ကမ္ဘောဒီးယားသို့ တရားဝင် ကန့်ကွက်စာပို့ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်နေသည်။
အဆိုပါမိုင်းသည် အသစ်ထောင်ထားသော မိုင်းဖြစ်သည်လော၊ ယခင် လက်ကျန်မိုင်း ဖြစ်သည်လောဆိုသည်ကို စစ်တပ်က စုံစမ်းစစ်ဆေးနေပြီး ရက်ပိုင်းအတွင်း ရလဒ်ထွက်မည်ဟု မျှော်လင့်ထားကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောကြားခဲ့သည်။
မိုင်းအသစ်ဖြစ်ကြောင်း အတည်ပြုနိုင်ပါက စစ်တပ်သည် ယင်းကိစ္စကို ကမ္ဘောဒီးယားစစ်တပ်တာဝန်ရှိသူထံ ဖြေရှင်းချက်တောင်းမည်ဖြစ်သကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အော့တဝါ ကွန်ဗင်းရှင်းနှင့် ၂၀၀၀ ပြည့်နှစ် နယ်စပ်သတ်မှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကဲ့သို့ အခြားမူဘောင်များနှင့်အညီ သင့်လျော်သော လမ်းကြောင်းများမှတဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
လူသတ်မြေမြှုပ်မိုင်းများ အသုံးမပြုရေးကို တရားဝင်တားမြစ်သည့် အော့တဝါကွန်ဗင်းရှင်းကို ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးက လက်မှတ်ရေးထိုးထားသည်။ အဆိုပါကွန်ဗင်းရှင်းကို ကမ္ဘောဒီးယားက ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းက ၁၉၉၉ ခုနှစ်တွင် လက်မှတ်ထိုးခဲ့သည်။
ဗုဒ္ဓဟူးနေ့က ဥဘုံရတ်ချထနီပြည်နယ် ချွန်ဘွတ်ဧရိယာရှိ တောင်ကုန်းအမှတ် ၄၈၁ အနီးတွင် အခင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဧရိယာအနီး ကင်းလှည့်နေသည့် ထိုင်းစစ်သားများထဲမှ တစ်ဦးသည် မြေမြှုပ်မိုင်းကို နင်းမိခဲ့ပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်သားသုံးဦး ဒဏ်ရာရခဲ့သည်ဟု ဒုတိယစစ်တိုင်းဒေသက ထုတ်ပြန်ပြောဆိုခဲ့သည်။ ဖြစ်စဉ်တွင် စစ်သားတစ်ဦးသည် ဘယ်ဘက်ခြေကျင်းဝတ်မှ ပြတ်တောက်သွားခဲ့ကာ အခြားစစ်သားနှစ်ဦးသည် ရင်ဘတ်တွင် ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
Ref: ဘန်ကောက်ပို့စ်
