မန္တလေးငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများကို ကူညီရန်အတွက် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်ဆေးအဖွဲ့(EMT) ၏ တတိယမြောက်အသုတ်ကို ယမန်နေ့တွင် မြန်မာနိုင်ငံသို့ စေလွှတ်လိုက်ကြောင်း သိရသည်။
ကျန်းမာရေးအရာရှိများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညှိနှိုင်းရေးမှူးတစ်ဦးနှင့် Ruam Katanyu ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများပါဝင်သော အဖွဲ့ဝင် ၃၀ ပါအဖွဲ့သည် မြန်မာနိုင်ငံတွင် မေလ ၂ ရက်နေ့အထိ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Anek Mungaomklang က ပြောကြားခဲ့သည်။
၎င်းမစ်ရှင်သည် ငလျင်ဒဏ်သင့်ဒေသများ၌ ကူးစက်ရောဂါများကို စောင့်ကြည့်မှု မြှင့်တင်ရန်၊ အမိုးအကာနှင့် ရေ စီမံခန့်ခွဲမှုစနစ်များ ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်ကြောင်း သူက ပြောကြားခဲ့ပြီး အဖွဲ့သည် ရေစစ်သည့်စနစ်ကို တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
တစ်နာရီလျှင် ရေ ၆၀၀ လီတာ ထုတ်လုပ်ပေးနိုင်ကာ ပြုပြင်ထိန်းသိမ်းစရိတ် သက်သာသော အဆိုပါစနစ်သည် ယာယီတဲများရှိ လူပေါင်း ၂,၀၀၀ ခန့်အတွက် ရေကြောင့်ဖြစ်သော ရောဂါဘယများဖြစ်နိုင်ခြေကို လျှော့ချရန် ရည်ရွယ်ကြောင်း သူက ပြောကြားခဲ့သည်။
ယခင်စေလွှတ်ထားသည့် EMT ၏ အကူအညီပေးရေး ဒုတိယအသုတ်သည် ယမန်နေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဟု ဆိုသည်။
အဆိုပါ အဖွဲ့သည် ဧပြီလ ၁၉ ရက် နေ့မှ ၂၄ ရက် နေ့အထိ ငလျင်ဘေးသင့်သူဦးရေ ၁,၃၀၄ ဦးကို ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးခဲ့သည်ဟု သူက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်