ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် မြို့နယ်များမှ စုဆောင်းလာသော အမှိုက်များကို အဓိက စုပေါင်းစွန့်ပစ်ရာ နေရာတစ်ခုဖြစ်ပြီး နေ့စဉ် အမှိုက်တင်ဆောင်လာသည့် ယာဉ်အစီးရေ ၇၈ စီးဖြင့် ခေါက်ရေ ၂၀၀ ကျော်ဖြင့် အမှိုက်များကိုတင်ဆောင်နေရကြောင်း သိရသည်။
လက်ရှိတွင် လူဦးရေတိုးပွားလာခြင်းနှင့်အမျှ အမှိုက်ပမာဏလည်း တိုးလာနေပြီး တစ်ရက်လျှင် တန်ချိန် ၁၂၀၀ ကျော်အထိ ရောက်ရှိလာသည်ဟု ဆိုသည်။
အမှိုက်ပုံအနီးနေထိုင်သူများအနေဖြင့် အနံ့ဆိုးများ၊ လေထုညစ်ညမ်းမှုများနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရကြောင်း ပြောကြားကြသည်။
ထို့ပြင် မိုးရာသီအတွင်း အမှိုက်ရေယိုစီးမှုများကြောင့် ပတ်ဝန်းကျင်သဘာဝ ထိခိုက်မှုများလည်း ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။
အလားတူ ထားဝယ်ချောင်အမှိုက်ပုံတွင်နေ့စဥ်တန်ချိန် ၁၀၀၀ ကျော် စွန့်ပစ်နေကြောင်းလည်း သိရသည်။
ဓာတ်ပုံ-ပေါ်ပြူလာနယူးစ်
