အီရန်နှင့် ဆက်စပ်သော ဟက်ကာများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အဝန်းအဝိုင်းအတွင်းမှ ခိုးယူထားသော အီးမေးလ်များကို ထပ်မံဖွင့်ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ၎င်းတို့သည် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်က အီးမေးလ်များကို မီဒီယာများသို့ ပထမတစ်ကြိမ် ဖြန့်ဝေခဲ့ဖူးသည်။
ဇွန်လ ၂၉ နှင့် ၃၀ ရက်များတွင် ရိုက်တာသတင်းဌာနနှင့် အွန်လိုင်းချက်များအရ ၎င်းတို့သည် အိမ်ဖြူတော်အရာရှိချုပ် ဆူဇီဝိုင်းစ်၊ မစ္စတာ ထရမ့်ပ်၏ ရှေ့နေ့ လင်းဆေးဟေလီဂမ်၊ မစ္စတာ ထရမ့်ပ်၏ အကြံပေး ရော်ဂျာစတုန်းနှင့် အပြာသရုပ်ဆောင်တာဖြစ်တဲ့ ထရမ့်ပ် ရန်သူတော် စတော်မီ ဒန်နီယဲလ်စ်တို့၏ အကောင့်များမှ အကြမ်းအားဖြင့် အီးမေးလ် ၁၀၀ ဂစ်ဂါဘိုက်ခန့် ရှိထားသည်ဟု ကလောင်အမည် ရောဘတ်ဟူသော ဟက်ကာများက ပြောကြားခဲ့သည်။
အီးမေးလ်များကို ရောင်းချဖွယ်ရှိသည်ဟု ရောဘတ်က ထုတ်ပြောသော်လည်း ၎င်းတို့၏ အစီအစဉ်အသေးစိတ်ကိုမူ မဖော်ပြခဲ့ပေ။ မည်သည့်အကြောင်းအရာ အီးမေးလ်များဖြစ်သည်ကိုလည်း ဟက်ကာများက မဖော်ပြခဲ့ပေ။
အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ကက်ရှ် ပက်တဲလ်၏ သတင်းထုတ်ပြန်ချက်ဖြင့် အိမ်ဖြူတော်နှင့် အက်ဖ်ဘီအိုင်တို့က တုန့်ပြန်ခဲ့ပြီး “နိုင်ငံတော်လုံခြုံရေးကို ချိုးဖောက်မှု တစ်မျိုးမျိုးနှင့် ပတ်သက်သည့် မည်သူမဆိုသည် ဥပဒေလက်တံအဆုံးအထိ အပြည့်အ၀ စုံစမ်းစစ်ဆေး၊ တရားစွဲဆိုခံရမှာဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို မစ္စဟေလီဂန်၊ မစ္စတာ စတုန်းနှင့် မစ္စ ဒန်နီယဲလ်စ်၏ ကိုယ်စားလှယ်တို့က တုန့်ပြန်ခဲ့ခြင်း မရှိပေ။
ကုလသမဂ္ဂဆိုင်ရာ အီရန်သံအဖွဲ့ကလည်း မှတ်ချက်ပေးရန် တောင်းဆိုသည့် အီးမေးလ်ကို လတ်တလောတွင် တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိသေးပေ။ ဆိုက်ဘာသူလျှိုလုပ်မှုနှင့် ပတ်သက်၍ ယခင်က စွပ်စွဲမှုများကိုမူ တေရန်က ငြင်းဆိုထားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
