ကွာလာလမ်ပူ၊ဧပြီ ၂၅
အမေရိက၏ ကျိုးကြောင်းဆီလျော်မှုမရှိသော အခွန်စည်းကြပ်မှုများချမှတ်ခြင်းသည် ယူအက်စ်ကိုသာ ပြန်ထိမည်ဖြစ်ကြောင်းနှင့် ထရမ့်ပ်အစိုးရသည် အဆိုပါမူဝါဒကိုရုတ်သိမ်းရန် ပြည်တွင်းဖိအားများနှင့်ပါရင်ဆိုင်ရဖွယ်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က သတိပေးခဲ့သည်။
“ထရမ့်ပ်၏အခွန်စည်းကြပ်မှုသည် အခြားနိုင်ငံများထက် အမေရိကကို သာပိုမိုထိခိုက်စေလိမ့်မည်” ဟုဆိုပြီး အမေရိကသည် ပြည်ပသွင်းကုန်များနှင့် ပြင်ပကို အပ်နှံ၍ ကုန်ထုတ်လုပ်မှုအပေါ် အလွန်အမင်းမှီခိုနေရခြင်းကြောင့်ဖြစ်သည်ဟုလည်းသူက ထောက်ပြပြောကြားခဲ့သည်။
“ဈေးသက်သာတဲ့ ပြည်ပသွင်းကုန်တွေအပေါ် ဆယ်စုနှစ်တစ်ခုလောက်အထိ အားကိုးခဲ့ရတဲ့အမေရိကမှာ တကယ့်လက်တွေ့တော့ ပြည်တွင်းထွက်ကုန်ဆိုတာမရှိပါဘူး” ဟုလည်း၎င်းကဆိုသည်။
ဆက်လက်၍ ၎င်းကအခွန်စည်းကြပ်မှုသည် လူနေမှုစရိတ်မြင့်မားခြင်း၊ လုပ်အားခတောင်းဆိုမှုများမြင့်မားလာခြင်းနှင့် ထုတ်လုပ်မှုစရိတ်များကိုမြင့်တက်စေပြီး နောက်ဆုံးတွင် အမေရိက၏ကမ္ဘာ့ဈေးကွက်၌ ပြိုင်ဆိုင်မှုကိုကျဆင်းစေကာ မငြိမ်သက်မှုများကို ဖြစ်စေလိမ့်မည်ဟုလည်းဆိုခဲ့သည်။
ထို့ပြင် အမေရိကနိုင်ငံတွင်း၌ ဆန္ဒပြပွဲများလည်းအများကြီးဖြစ်ပေါ်လာနိုင်သည်ဟု ၎င်းက သတိပေးခဲ့သည်။
“အခွန်မလျှော့ပဲ အမေရိကမှာပဲ ဒီထုတ်ကုန်တွေအားလုံးကိုထုတ်လုပ်ဖို့ကြိုးစားရင်တောင် ကုန်ကျစရိတ်ကြီးတော့ ဈေးကြီးလို့ အရမ်းကြီးရောင်းကောင်းမှာမဟုတ်သလို ကမ္ဘာ့ဈေးကွက်ကိုမယှဉ်နိုင်လို့လဲပြည်ပကို တင်ပို့လို့လည်းရမှာမဟုတ်ဘူး” ဟုလည်း၎င်းကပြောကြားခဲ့သည်။
Source : ရှင်းဟွာ
