ဇန်နဝါရီလတွင် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရာထူးတာဝန်များကိုစတင်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရေတပ် သင်္ဘောနှစ်စင်းသည် အတိမ်းအစောင်း မခံသော ထိုင်ဝမ်ရေလက်ကြားကို ယခုသီတင်းပတ်တွင် ဖြတ်သန်းခုတ်မောင်းခဲ့သည်။ ယင်းလုပ်ရပ်ကို တရုတ်က ဒေါသတကြီး တုန့်ပြန့်ခဲ့ပြီး အမေရိကန်၏ အဆိုပါမစ်ရှင်သည် လုံခြုံးရေး အန္တရာယ်ကို ကြီးမားစေသည်ဟု ဆိုသည်။
အမေရိကန်ရေတပ်သည် ရေလက်ကြားကို တစ်လတစ်ခါ ဖြတ်သန်းခုတ်မောင်းလေ့ရှိပြီး တစ်ခါတရံတွင် မဟာမိတ်နိုင်ငံများမှ သင်္ဘောများလည်း ပါဝင်လေ့ရှိသည်။
ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာဆိုထားသော တရုတ်နိုင်ငံက အရေးပါသော ရေလမ်းကြောင်းသည် ၎င်းတို့အပိုင်ဖြစ်သည်ဟုလည်း ပြောဆိုထားသည်။
ဖျက်သင်္ဘော Lyndon B. Johnson နှင့် စူးစမ်းလေ့လာရေးသင်္ဘော Bowditch သည် ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၂ အကြားတွင် ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်းနှင့် အဆိုပါသင်္ဘောများကို စောင့်ကြည့်ရန်အတွက် တရုတ်တပ်ဖွဲ့များကို စေလွှတ်ခဲ့ကြောင်း တရုတ်စစ်တပ်က ပြောကြားခဲ့သည်။
“အမေရိကရဲ့ လုပ်ရပ်က မှားယွင်းတဲ့ လုပ်ရပ် ဖြစ်လို့ လုံခြုံရေးအန္တရာယ်တွေ ကြီးမားလာစေပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၁၂ ရက် သတင်းထုတ်ပြန်ချက်တွင် ခေါ်ပြထားသည်။
အမေရိကန်ရေတပ်က သင်္ဘောများ ဖြတ်သန်းမှုကို အတည်ပြုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
