နူးဒေလီသည် အမေရိကထံမှ လက်နက်နှင့် လေယာဉ်အသစ်များ ဝယ်ယူမည့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်သည်ဟု ယင်းကိစ္စနှင့် နီးစပ်သည့် အိန္ဒိယအရာရှိသုံးဦးက ပြောကြားခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်ပ်က အိန္ဒိယပို့ကုန်များအပေါ် အခွန်းစည်းကြပ်မှုနှင့်ပတ်သက်၍ အိန္ဒိယဘက်မှ မကျေနပ်သည့် သဘောထားကို ပထမဆုံး အကြိမ်တွေ့မြင်လာရခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိသွားစေခဲ့သည်။
အိန္ဒိယအစိုးရသည် အချို့သော လက်နက်ဝယ်ယူမှုများကို ထုတ်ပြန်ကြေညာရန်အတွက် လာမည့်သီတင်းပတ်များတွင် ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ်ဆင်းကို ဝါရှင်တန်သို့ စေလွှတ်ရန် စီစဉ်ထားသော်လည် ယင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဟု အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
နူးဒေလီသည် ရုရှားရေနံကို ဝယ်ယူခြင်းဖြင့် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုတွင် ငွေကြေးထောက်ပံ့ပေးနေသည်ဆိုကာ မစ္စတာ ထရမ့်ပ်က သြဂုတ်လ ၆ ရက် နေ့တွင် အိန္ဒိယကုန်ပစ္စည်းများကို တပ်တိုးခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ခဲ့သည်။
ယင်းအတွက်ကြောင့် အိန္ဒိယကုန်ပစ္စည်းများအပေါ် စုစုပေါင်းအခွန်စည်းကြပ်မှုသည် ၅၀ ရာခိုင်နှုန်းဖြစ်သွားခဲ့ပြီး အမေရိက၏ ကုန်သွယ်ဖက်များတွင် အမြင့်ဆုံးစည်းကြပ်ခံရသည့် နိုင်ငံဖြစ်လာခဲ့သည်။
သို့သော် သမ္မတသည် သူကိုယ်တိုင်ချမှတ်ထားသော အခွန်စည်းကြပ်မှုများကို မကြာမီတွင် ပြောင်းပြန်လှန်ပစ်လေ့ရှိသကဲ့သို့ အိန္ဒိယအစိုးရကလည်း ဝါရှင်တန်နှင့် ဆွေးနွေးမှုများတွင် တက်ကြွစွာ ပါဝင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယအနေဖြင့် အခွန်နှုန်းထားများနှင့် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများကို ရှင်းလင်းပြတ်သားစွာဆောင်ရွက်နိုင်သည့်အချိန်တွင် ကာကွယ်ရေးပစ္စည်းဝယ်ယူမှုများ ရှေ့ဆက်ဆောင်ရွက်နိုင်သော်လည်း ၎င်းတို့မျှော်လင့်ထားသလောက် မမြန်ဆန်နိုင်ကြောင်း နောက်အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
