အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။
အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် မတ်စ်ကို ဖုန်းခေါ်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာမှာ “ကျွန်တော် တကယ်တမ်း မစဉ်းစားရသေးပါဘူး။ သူကတော့ ကျွန်တော်နဲ့ စကားပြောချင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ထရမ့်က ပြန်ဖြေခဲ့တာဖြစ်ပါတယ်။
“သူ ဖုန်းခေါ်ထားပြီးပြီလားမသိဘူး။ သူဖုန်းခေါ်ထားပြီးပြီလားဆိုတာကို သူ့ကိုပဲ မေးရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ပြဿနာမရှိပါဘူး” လို့လဲ ထရမ့်မ်က ထပ်ပြောပါတယ်။
ဒါပေမယ့် အဲဒီလို ဖုန်းခေါ်ဆိုမှုကို သူဖြေကြားမလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်မ်က မဖြေဘဲ ချန်ထားခဲ့ပါတယ်။ “ကျွန်တော် အဲဒါကို မပြောချင်ဘူး” လို့ အမေရိကန်သမ္မတက ဆိုပါတယ်။
ထရမ့်မ်အနေနဲ့ လာမယ့်ရက်တွေမှာ မတ်စ်နဲ့ စကားပြောဖို့ အစီအစဉ်မရှိဘူးလို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအတွင်းဝန် ကာရိုလိုင်း လီဗစ်က ဇွန် ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဇွန် ၅ ရက်နေ့မှာ မတ်စ်နဲ့ ထရမ့်တို့ လူမှုကွန်ရက်တွေပေါ်မှာ ပြင်းထန်တဲ့ စွပ်စွဲမှုတွေ အပြန်အလှန်ရေးခဲ့ကြပါတယ်။ မတ်စ်က သူ့ရဲ့ ထောက်ခံမှုမရှိဘူဆိုရင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ထရမ့်မ် ဘယ်တော့မှ ရွေးကောက်ပွဲ မနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက ထရမ့်ကို ရာထူးကဆင်းဖို့ ထောက်ခံခဲ့ပြီး သွင်းကုန်ခွန်နဲ့ နိုင်ငံတော်အသုံးစရိတ် လျှော့ချရေးဆိုင်ရာ ထရမ့်ရဲ့ အဆိုပြုချက်တွေကို ဝေဖန်ခဲ့ကာ ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်မှာ အမေရိကန်စီးပွားရေးဟာ စီးပွားပျ-က်ကပ်နဲ့ကြုံရလိမ့်မယ်လို့လည်း ခန့်မှန်းခဲ့ပါတယ်။
ထရမ့်ကလည်း မတ်စ်ဟာ DOGE ကို ဦးဆောင်ပြီးနောက်ပိုင်း သူ့ရဲ့ တာဝန်ဝတ္တရားတွေကို ထိထိရောက်ရောက် မထမ်းဆောင်နိုင်တော့ဘဲ “ရူးသွားပြီ” လို့ ပြောဆိုခဲ့ပါတယ်။ သူက မတ်စ်ရဲ့ SpaceX အပါအဝင် ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ အစိုးရစာချုပ်တွေကို ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး ထောက်ပံ့ကြေးအားလုံးကိုလည်း ဖျ-က်သိမ်းမယ်လို့ ဆိုပါတယ်။