အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းမယ်လို့ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြတာပါ။
ဒီတွေ့ဆုံမှုမှာ ထရမ့်က ဂါဇာရှိ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးရဲ့ ၂၁ လကြာ စစ်ပွဲအတွက် အပစ်အခတ် ရပ်စဲရေးကို သဘောတူဖို့ နေတန်ယာဟုကို ဖိအားပေးခဲ့ပါတယ်။ အဆိုပါ စစ်ပွဲကြောင့် လူပေါင်း ၆၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီး အများစုမှာ ပါလက်စတိုင်းလူမျိုးတွေ ဖြစ်တာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်ကျစရိတ်တွေ မြင့်တက်လာမှုအပေါ် ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကိုယ်စားလှယ်တွေဟာ ၆ ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့မှာ ကာတာနိုင်ငံမှာ သွယ်ဝိုက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး အကောင်းမြင်စွာ ပြောဆိုခဲ့ကြပေမဲ့ အစ္စရေးဘက်က စစ်ပွဲဆက်မဖြစ်စေရဘူးဆိုတဲ့ အာမခံချက်၊ ဟားမတ်စ်အဖွဲ့ကို ဂါဇာကနေ အပြီးအပိုင် မောင်းထုတ်မယ်ဆိုတဲ့ နေတန်ယာဟုရဲ့ တောင်းဆိုမှုတွေ အပါအဝင် အရေးကြီးတဲ့ ညှိနှိုင်းစရာ အချက်အချို့ ကျန်ရှိနေပါသေးတယ်။
